DVB Logo
Home
မြန်မာသတင်း
လယ်သမားနှင့်ဒေါက်တာသန်းထွဋ်ကုမ္ပဏီ အပြန်အလှန် တရားစွဲ
DVB
·
June 18, 2013
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အင်းမအုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေးရွာရှိ ဒေသခံတောင်သူတွေကို  ဒေါက်တာသန်းထွဋ်ကုမ္ပဏီက မြေလွတ်မြေရိုင်း ဥပဒေနဲ့ တရားစွဲဆိုပြီး တောင်သူတွေဘက်လည်း ကုမ္ပဏီကို လယ်မြေကျူးကျော်မှုနဲ့ ပြန်လည်တရားစွဲဆိုပါတယ်။

အင်းမအုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေးရွာရှိ ဒေသခံတောင်သူတွေဟာ သူတို့်လယ်ယာမြေတွေကို ဒေါက်တာသန်းထွဋ်ကုမ္ပဏီက ကျုးကျော် လုပ်ကိုင်တဲ့အတွက် လယ်မြေပြန်ရရေး နိုင်ငံတော်သမ္မတထံ လိပ်မူ တိုင်ကြားခဲ့ပါတယ်။  ဒါ့အပြင် ကျုးကျော်မှုမလုပ်ဖို့ တားမြစ်ခဲ့တဲ့အတွက် ဒေသခံတောင်သူတွေကို ဒေါက်တာသန်းထွဋ်က မြေလွတ်မြေရိုင်းဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီလိုတရားစွဲဆိုခံရတဲ့အတွက် လယ်သမားတွေကို ညောင်တုန်းမြို့နယ်  မယ်ဇလီကျေးရွာ ရဲစခန်းက ခေါ်ယူစစ်ဆေးပါတယ်။ လယ်သမားတွေဘက်ကလည်း သူတို့လယ်မြေကျူးကျော်မှုနဲ့ ပြန်တရားစွဲဆိုလိုက်တယ်လို့ လယ်သမားတဦးက ပြောပါတယ်။

“လယ်သမားတွေက ရဲစခန်းမှာ ခေါ်အစစ်ခံရတယ်။ တရားစွဲခံရဖို့အတွက်နဲ့လေ။ အဲတော့ လယ်သမားကလည်း သူတို့လယ်ယာမြေကို ကျူးကျော်တယ်၊ အပင်တွေဖျက်ဆီးခံရတယ်ဆိုပြီး ရဲစခန်းမှာ တိုင်ချက်လာဖွင့်ပါတယ်။ အဲလို ဖော်ထုတ်ရာမှာလည်း ဒေသခံတွေဟာ လမ်းစရိတ်မရှိလို့ စခန်းကို ကုန်းကြောင်းလျှောက်ရတယ်။”

လယ်သမားတွေဟာ ဒီလယ်မြေတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က တည်းက လုပ်ကိုင် စားသောက်လာကြတာဖြစ်ပြီး နောက်ပိုင် ဒေါက်တာ သန်းထွဋ် ကုမ္ပဏီနေ ၀င်ရောက် လုပ်ကိုင် တာလို့ လယ်သမား ဦးစမ်းယုက  ပြောပါတယ်။

“ကျနော်တို့လယ်ယာတွေထဲကို ဒေါက်တာ သန်းထွဋ်ကနေ စပါးတွေကြဲတယ်။ တောင်သူတွေလုပ်တာ နှစ် ၂၀ လောက်ရှိပြီ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူက သီးစားလုပ်ပြီး အပေါ်ကလူကြီးမင်းတွေနဲ့ ပေါင်းပြီး လယ်သမားတွေကို မောင်းထုတ်တယ်။ အဲအချိန်ကစပြီး လယ်သမားတွေ ဘာမှမလုပ်ရဘူး အခုထိပဲ။ လယ်သမားတွေက ၀င်လုပ်လိုက် သူကမောင်းပြီး ကြဲသွားလိုက်နဲ့။ တောင်သူတွေတော်တော် ဒုက္ခရောက်နေလို့ အခုနှစ်တော့ လူ့အခွင့်အရေးနဲ့ ပေါင်းပြီး လယ်ယာမြေပြန်ရဖို့ လိုက်ရတာပေါ့။”

လယ်မြေတွေ သိမ်းဆည်းခံရပြီးနောက်ပိုင်း တောင်သူတွေဟာ နေ့စားအလုပ်ပဲ လုပ်ကိုင်ကြ ရပြီး သားသမီးတွေကို ကျောင်းမထားနိုင်တော့သလို စားဝတ်နေရေးအတွက် ကျပ်တည်းကုန်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ တော်တော် ဆင်းရဲနေကြတယ်။ တောင်သူတွေက ငါးသွားရှာပြန်ရင်လည်း ဖမ်းပြီး တရားစွဲတယ်။ ရပ်ရွာလူကြီးနဲ့ ပေါင်းပြီး ဒဏ်ရိုက်တယ်။ လယ်သမားတွေနဲ့ တံငါသည်တွေဟာ မရှိ ရှိတာ ပေါင်ပြီး ဒဏ်ငွေဆောင်ရတယ်။ လယ်သမားတွေမှာ လယ်လုပ်စားစရာမရှိဘူး။ နွားသွားရင်လည်း ခွာတလုံးကို ၁၅၀၀ ယူတယ်။ တိရစ္ဆာန်တွေ မမွေးရဲကြဘူး။ စားဝတ်နေရေးအတွက် နေ့စားလိုက် လုပ်နေရတယ်။ လယ်ယာမြေတွေကို အကုန်သိမ်းလိုက်တာလေ။ သားသမီးတွေလည်း ကျောင်းလုံးဝ မတတ်နိုင်ဘူး။ တော်တော် ဆုံးရှုံးနေကြတယ်။”

သိမ်းဆည်းခံရတဲ့ လယ်မြေဧက ၁၅၀ ရှိပြီးတောင်သူ ဦးရေ ၂၀ လောက် လုပ်ကိုင်စားသောက်တဲ့ လယ်မြေတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013