DVB Logo
Home
မြန်မာသတင်း
မွန်ခေါင်းဆောင် နိုင်ရော့စကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်
DVB
·
June 18, 2013
မွန်ခေါင်းဆောင် နိုင်ရော့စကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်
Donate to DVB

မကြာသေးခင်က ကွယ်လွန်သွားတဲ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စကို  စစ်အခမ်းအနားနဲ့ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ  နိုင်ရော့စရဲ့ဈာပနကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနီးက ဂျပန်ရေတွင်းရွာမှာ ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ  စစ်အခမ်းအနားနဲ့ ကျင်းပသင်္ဂြိုဟ်ဖို့ မွန်ပြည်သစ်ပါတီက ပြင်ဆင်နေပါတယ်။

အရိုးအိုးကိုတော့  မွန်ြပည်နယ် ရေးချောင်းဖျားဒေသ ပါတီဌာနချုပ် အာဇာနည်ကုန်းမှာ ဂူသွင်းထားရှိမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောခွင့်ရသူ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က  ပြောပါတယ်။

အသက် ၆၇ နှစ်အရွယ် နိုင်ရော့စဟာ  ကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ စံခရပူရီဆေးရုံမှာ ဇွန် ၁၅ ရက်နေ့ ညက ကွယ်လွန်သွားခဲ့တာပါ။

[caption id="attachment_40737" align="alignright" width="300" caption="နိုင်ရော့စ"][/caption]

သူဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ မွန်ပြည်သစ်ပါတီကို ၀င်ရောက်ခဲ့ပါတယ်။ ပါတီထဲမှာ တွဲဖက်အတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး၊ ပါတီရဲ့ ဒုဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့အပြင်  မွန်ပြည်သစ်ပါတီနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါတီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သူဟာ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်ရေးလောကမှာ ကျင်လည်နေပေမယ့် စိတ်နှလုံးသား နူးညံ့သူ၊ တယောလည်း ထိုးပြီး သီချင်းဆိုဝါသနာပါသူ၊ ဟာသဥာဏ်ရှိပြီး နောက်လိုက်ငယ်သားတွေကို ပုံတိုပတ်စနဲ့ ပြောဆိုဆုံးမလေ့ ရှိတယ်လို့  နိုင်ဟံသာ ဗွန်ခိုင်က ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း နိုင်ရော့စဟာ မွန်ပြည်သစ်ပါတီ ၂ ခြမ်းကွဲခဲ့တာကို တပါတီတည်းဖြစ်အောင် ပြန်စည်းရုံးနိုင်ခဲ့ပြီး  မွန်ပညာတတ်လူငယ်တွေကိုလည်း အမျိုးသားရေးဆောင်ရွက်အောင် စည်းရုံးနိုင်တယ်လို့  ပြောပါတယ်။

“အရည်အချင်းရှိတယ်၊ တော်တော်လေး တော်ပါတယ်။ သဘောထားမှန်တယ်။ ပါတီ ၂ ခြမ်းကွဲရင်တောင် စိတ်ရှည်လက်ရှည်လုပ်ဆောင်တယ်။ ကြိုးစားတယ်။ နောက်ဆုံးတော့ နိုင်ရော့စရဲ့ စည်းရုံးဆောင်ရွက်မှုကြောင့် ပါတီပြန်ဖြစ်သွားတာ။ မွန်ပြည်သူတရပ်လုံးအတွက် တစုတည်း တဖွဲ့တည်း ညီညီညွတ်ညွတ်ဖြစ်လာဖို့ အထောက်အကူဖြစ်တယ်လို့ သတ်မှတ်တယ်။”

နိုင်ရော့စဟာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ စုစည်းထားတဲီ့ ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကို ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးလည်း ဖြစ်တယ်လို့  ယူအန်အက်ဖ်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ တိုင်းရင်းသားများညီလာခံမှာ ယူအန်အက်ဖ်စီကို ဖွဲ့ဖို့လုပ်ရာမှာ အမြဲ အငြင်းအခုံ အကြိတ်အနယ် ဆွေးနွေးတာတွေ ၅ ရက် တိုင်တိုင် လုပ်ရတယ်။ အဲလို အငြင်းအခုံဖြစ်လာပြီဆိုရင် သူဟာ ကြားဝင်ပြီး ကြားချပြီး ဆွေးနွေးပြီး စိတ်အေးလက်အေး အဖြေရအောင် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါကြောင့် ယူအန်အက်ဖ်စီက နိုင်ငံရေးရော စစ်ရေးရော ပူးပေါင်းဆောင်ရွက်အမှု အစဉ်အလာနဲ့ အခုချိန်ထိ တိုးတက်အောင်မြင်မှုတွေရနေတာပါ။ ဥက္ကဋ္ဌကြီး နိုင်ရော့စရဲ့ အစစ ဦးဆောင်မှုပေးခဲ့မှုအပေါ် ဂုဏ်ပြုမှတ်တမ်းတင်ရမှာပါ။”

နိုင်ရော့စ ကွယ်လွန်သွားတဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်ရော အခြား နိုင်ငံရေးပါတီတွေ၊ ယူအန်အက်ဖ်စီ၊ ကရင်နီ၊ ပအိုဝ်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းအသီးသီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ မွန်အဖွဲ့အစည်းအသီးသီးတွေကပါ ၀မ်းနည်းကြောင်း သ၀ဏ်လွှာနဲ့ လွမ်းသူ့ပန်းခွေတွေ တဖွဲဖွဲပေးပို့နေကြပါတယ်။

နိုင်ရော့စ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ မိတနိုင်းပုလဲနဲ့အတူ သမီး ၄ ဦး၊ သား ၁ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013