DVB Logo
Home
ကျန်းမာရေး
စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား၊ ဆိုးသလား
DVB
·
August 29, 2020
စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား၊ ဆိုးသလား
Donate to DVB

စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။

စွမ်းအားဖြည့်အချိုရည်ကို ဘယ်လိုထုတ်လုပ်သလဲ


စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တခုနဲ့တခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။

ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့

– သကြား။ အချိုရည်မှာ ကယ်လိုရီအဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။

– ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ အစားအစာတွေကို ကိုယ်ခန္ဓာက လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးရာမှာ အဓိကကျပါတယ်။

– အမိုင်နိုအက်ဆစ်အုပ်စု။ အဓိကအားဖြင့် taurine နဲ့ L-carnitine တို့ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ် အများစုမှာ ပါဝင်ပါတယ်။

– ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားသော အဆီအနှစ်များ။ ဥပမာ ဂျင်ဆင်းဖြစ်ပါတယ်။

အကျိုးကျေးဇူးများ


စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ လူကို စိတ်ရောကိုယ်ပါ နိုးကြားစေပါတယ်။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုပိုင်းဆိုင်ရာမှာလည်း အကျိုးပြုပါတယ်။

သုတေသနတခုမှာ ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည် ၅၀၀ မီလီလီတာ သောက်သုံးပြီးချိန်မှာ မှတ်ဉာဏ်ရော အာရုံစူးစိုက်မှုပါ ၂၄ ရာခိုင်နှုန်း တက်လာစေတယ်လို့ သိရပါတယ်။ ကဖင်းနဲ့ သကြားဓာတ်ကြောင့် ယခုအာနိသင်ထွက်ပေါ်စေတာ ဖြစ်ပါတယ်။

အိပ်ရေးပျက်ချိန်၊ ပင်ပန်းနွမ်းနယ်ချိန်တွေမှာ စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးရင် လန်းဆန်းစေပါတယ်။ စစ်တမ်းတွေအရ ညဖက်မောင်းနှင်ရတဲ့ ယာဉ်မောင်းများဟာ စွမ်းအားဖြည့်အချိုရည်ကြောင့် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း မြင့်တက်စေတယ်လို့ သိရပါတယ်။ ညအချိန် အလုပ်ဆင်းရတဲ့ အလုပ်သမား၊ ဝန်ထမ်းများအတွက်လည်း အကျိုးပြုပါတယ်။

ဗီတာမင် C ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ရှိတယ်လို့ သိရပါတယ်။

ဆိုးကျိုးများ


စွမ်းအားဖြည့်အချိုရည်များကြောင့် ဦးနှောက်ကို လန်းဆန်းစေပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် စွမ်းအားဖြည့်အချိုရည်ကို အလွန်အကျွံသောက်သုံးသူတွေမှာ သွေးတိုးရောဂါ၊ နှလုံးခုန်မြန်ခြင်း စတဲ့ပြဿနာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့ စွမ်းအားဖြည့်အချိုရည်တွေကို သတိပြု သုံးစွဲသင့်ပါတယ်။

ဒါ့အပြင် စွမ်းအားဖြည့်အချိုရည်တွေမှာ သကြားဓာတ်ပါဝင်မှု များပြားပါတယ်။ ပုံမှန် စွမ်းအားဖြည့်အချိုရည် ၂၅၀ မီလီလီတာမှာ သသသကြား ၂၇ ဂရမ်ခန့် ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရောဂါအခံရှိသူတွေသောက်မိရင် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်း ဖြစ်နိုင်ပါတယ်။ သုတေသနတခုရဲ့ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည်ကို နေ့စဥၤ နှစ်ဘူးခန့်သောက်သုံးသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းဟာ ဓာတ်တိုးဖိစီးခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ နာတာရှည်ရောဂါတွေ ခံစားရခြင်းနဲ့ ဆက်စပ်နေပါတယ်။

ဘယ်လိုသောက်သုံးသင့်သလဲ


စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး လူကိုလန်းဆန်းစေတာမို့ ပင်ပန်းနွမ်းနယ်ချိန်၊ အိပ်ရေးပျက်ချိန်တွေမှာ သောက်သုံးရင် လူရောစိတ်ပါလန်းဆန်းစေပါတယ်။ ဒါပေမယ့် အလွန်အမင်း သောက်သုံးရင်တော့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တာမို့ သင့်တင့်ရုံပဲ သောက်သုံးသင့်ပါတယ်။ နေ့စဉ် သုံးစွဲမယ်ဆိုရင်လည်း ၄၀၀ မီလီလီတာထက်ကျော်ပြီး သုံးစွဲဖို့ မသင့်ပါဘူး။ ဒါ့အပြင် စွမ်းအားဖြည့် အချိုရည်တွေ သောက်သုံးချိန်မှာ ကဖိန်းများတဲ့ တခြားအရည် ဥပမာ ကော်ဖီသောက်တာမျိုးကို ရှောင်သင့်ပါတယ်။

ရေးသားသူ Dr.Thant Zin


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013