DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်းအန်အယ်လ်ဒီ ဦးသက်ဝေကို တရားစွဲ
DVB
·
June 18, 2013
ကျောင်းကုန်းအန်အယ်လ်ဒီ ဦးသက်ဝေကို တရားစွဲ
Donate to DVB

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က အိုင်အယ်လ်အိုဆက်ဆံရေးကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေကို ပိုင်နက်ကျူးကျော်မှုနဲ့ ဆဲရေးတိုင်းထွာမှု အမှု ၂ ခုနဲ့ တရားစွဲဆိုထားတဲ့အမှုကို မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပါတယ်။

ပြီးခဲ့တဲ့မတ်လပိုင်းက ကျောင်းကုန်းမြို့နယ် အန်အယ်လ်ဒီရုံးမှာ ကျင်းပတဲ့ ပါတီဗဟိုညီလာခံရဲ့ အတွေ့အကြုံ ရှင်းလင်းပွဲကို ဦးသက်ဝေက ၀င်ရောက်ခဲ့တဲ့အပေါ် ကျူးကျော်မှုနဲ့ တရားစွဲတာ ဖြစ်ပါတယ်။

အဲဒီရှင်းလင်းပွဲအဖြစ်အပျက်နဲ့ တရားစွဲဆိုရတဲ့ အကြောင်းကို မြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးသိန်းဟန်က “ဗဟိုညီလာခံအတွေ့အကြုံရှင်းလင်းပွဲမှာ အုပ်စုတွေကို ထပ်ဆင့် ရှင်းလင်း၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နေတယ်။ ဟောပြော အစည်းအဝေးလုပ်နေတုန်းမှာ သူက ၀င်လာပြီး ကိုယ်ရေးကိုယ်တာကိစ္စလားမသိ တင်ပြချင်တယ် ပြောတယ်။ အစည်းအဝေးပြီးမှ ဆွေးနွေးပါလို့ ကျနော်က ပြောတယ်။ ၂-၃ မိနစ်လောက် ကျနော်နဲ့ အတူနေပြီးမှ အပြင်ထွက်သွားတယ်။ သူ့ကြည့်ရတာ မူးနေတဲ့ အနေအထား ရှိတယ်။ နောက် ကျနော်အစည်းအဝေးခန်းထဲပဲ ရှိနေတုန်း သူက အပြင်ကနေ အန်အယ်လ်ဒီအဖွဲ့ ဥက္ကဋ္ဌ ဘာထင်တယ်၊ ညာထင်တယ်ပေါ့ ဆဲဆိုပြီး အပြင်ကနေ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတယ်” လို့ ရှင်းပြပါတယ်။

နောက်ထပ် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရအောင် မြို့နယ်စည်းရုံးရေးအဖွဲ့ အစည်းအဝေးထိုင်ပြီး တရားစွဲဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာပါလို့ ဦးသိန်းဟန်က ပြောပါတယ်။

ဦးသက်ဝေဟာ ကျောင်းကုန်းမြို့နယ်မှာ ဒီအမှုမတိုင်ခင်က တပိုင်တနိုင် ရှာဖွေစားသောက်တဲ့ ရေလုပ်သားတွေဘက်က လိုက်ပါဆောင်ရွက်တဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း သူနဲ့ မီဒီယာသမားတွေအပါအ၀င် ၂၁ ဦးဟာ တရားရင်ဆိုင်နေပါတယ်။

သူဟာ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌဟောင်းတယောက်ဖြစ်ပြီး ပါတီပြန်လည်မှတ်ပုံတင်တဲ့အခါ ပါတီဝင် မလျှောက်တော့ဘဲ ကလေးစစ်သားကိစ္စ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ လယ်သမားရေးရာကိစ္စတွေကိုသာ အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။

အခုလို တရားစွဲခံရမှုအပေါ် ဦးသက်ဝေက တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

“အခမ်းအနားရှိတဲ့အချိန်မှာ လယ်သမားပါတီဝင်တွေက ကျနော့်ကိုခေါ်လို့ ကျနော်သွားပြီးတော့ နားထောင်တယ်။ သူတို့ရဲ့ ပြောဆိုချက်တွေ မမှန်ကန်တဲ့အတွက် ကျနော်က မေးခွန်းတခု တင်ဖို့လုပ်တဲ့အခါမှာ ဝေဖန်တဲ့အတွက် ကျနော်ကို ၂၉၄ နဲ့ တရားစွဲတယ်။ ဒါကတော့ တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းသွားမှာပါ။ နောက်တချက်က အန်အယ်လ်ဒီဆိုတာ ပြည်သူ့အတွက် အန်အယ်လ်ဒီလို့ ပြောတယ်။ ပြည်သူတယောက်အနေနဲ့ ရုံးထဲကို အခမ်းအနား လုပ်တဲ့အချိန်မှာ ၀င်ထွက်သွားလာခွင့် ရှိနိုင်တယ်လို့ ကျနော် ယူဆပါတယ်။ ဥပဒေနဲ့အညီ ခုခံကာကွယ်သွားမှာပါ။”

ဒါ့အပြင် ပါတီတွင်း ဒေသအသီးသီးမှာ အခွင့်အရေးသမားတွေ နေရာယူနေတာကို မြင်တွေ့နေရတယ်လို့ ဦးသက်ဝေက ဝေဖန်လိုက်ပြီး  ၂၀၁၅  ရွေးကောက်ပွဲအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013