
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဘိုတဲကုန်းကျေးရွာမှာ ဩဂုတ် ၂၇ ရက်နေ့က စိတ်မူမမှန်သူတစ်ဦးက သူ့ရဲ့နေအိမ်ကို မီးရှို့ရာကနေ လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းသွား ပါတယ်။
ဘိုတဲကုန်းကျေးရွာနေထိုင်သူ ဦးချိုဝင်းဟာ သူ့ရဲ့နေအိမ်ကို မီးခြစ်နဲ့ မီးရှို့ရာကနေ ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး နေအိမ်ပါ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
"မီးရှို့သူက စိတ်မနှံ့ဘူး၊ သူရှို့လိုက်တဲ့မီးက သူ့အိမ်ကနေ တာဝန်ခံအုပ်ချုပ်ရေးမှူး ဦးငွေအေး နေအိမ်ပါ လောင်သွားတယ်။ အမှုကတော့ မီးရှို့မှုနဲ့ ဖွင့်ထားတာ"လို့ ဝက်လက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးမောင်းနိန်က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာမှာ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် ၂ လုံး၊ ယက္ကန်းစင် ၁ လုံး၊ ဆိုင်ကယ် ၁ စင်းနဲ့ ရွှေ ၂ ကျပ်သားအပါဝင် ပရိဘောဂပစ္စည်းတွေ လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ကျပ်ငွေ ၆၅ ,၂၅၀၀၀ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကိုတော့ ဝက်လက်မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ နယ်မြေခံမီးသတ်တပ်ဖွဲ့မှ မီးသတ်ရေယာဉ် ၃ စင်းနဲ့အတူ ဒေသခံတွေက ပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။
အခုလို မီးလောင်ကျွမ်းမှုနဲ့ပတ်သတ်ပြီး နေအိမ်မီးရှို့ခဲ့သူ ဦးချိုဝင်းကို ဝက်လက်မြို့မ ရဲစခန်းက (ပ)၁၂၅ /၂၀၂၀ ဥပဒေပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- ရန်နိုင်စိုး











