DVB Logo
Home
မြန်မာသတင်း
ရခိုင် ၂ ပါတီကို တပါတီအဖြစ် ပေါင်းစည်းမည်
DVB
·
June 17, 2013
Donate to DVB

၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ မူလ ၂ ပါတီကို ဖျက်သိမ်းပြီး တပါတီတည်းအဖြစ် ပေါင်းစည်းဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ပါတီ ၂ ပါတီ တရားဝင်ပူးပေါင်းဖို့အတွက် ပြီးခဲ့တဲ့ဇွန် ၁၅ ရက်နဲ့ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရခိုင်သဟာရရုံးမှာ ၂ ရက်တာ ဆွေးနွေးခဲ့ပြီး ၁၇ ရက်နေ့မှာတော့ ရန်ကုန် ကန်တော်ကြီးဟိုတယ် သင်္ကေတစားသောက်ဆိုင်မှာ ၂ ဘက် ပါတီခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

သဘောတူချက်ထဲမှာ အချက်ပေါင်း ၁၀ ချက် ပါဝင်ပါတယ်။ ပါတီ ၂ ခုကို တပါတီတည်းအဖြစ်ပေါင်းဖို့၊ နှစ်ဘက်ပါတီဝင်တွေကို ပါတီသစ်ရဲ့အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့နဲ့ လာမယ့် ဩဂုတ်လကုန် နောက်ဆုံးထားပြီး ပါတီမှတ်ပုံတင်ရေး အပြီးဆောင်ရွက်ဖို့ကို သဘောတူကြပါတယ်။

ပါတီတခုစီက ကိုယ်စားလှယ် ၁၅ ဦးစီ ရွေးချယ်ပြီး ရရှိလာမယ့်ကိုယ်စားလှယ် ၃၀ ဦးဟာ ပါတီသစ်ရဲ့ ဗဟိုကော်မတီဝင်တွေ ဖြစ်လာဖို့လည်း ရှိပါတယ်။ ပါတီသစ်ဟာ လူမျိုးကို အခြေခံတဲ့ ပြည်နယ်နဲ့ ဖွဲ့စည်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ တန်းတူညီရေးမူကို လက်ခံတယ်လို့လည်း ဆိုပါတယ်။

ပါတီအမည်ကို  ‘ရခိုင်အမျိုးသားပါတီ’ လို့ သတ်မှတ်ပြီး  ပါတီအလံနဲ့ ပါတီတံဆိပ်ကို ရှေးရခိုင်ဘုရင်များအသုံးပြုခဲ့တဲ့ သီရိဝစ္ဆတံဆိပ်ကို ထည့်သွင်းအသုံးပြုဖို့ သဘောတူခဲ့ကြပါတယ်။

ကျန်အချက်တွေကတော့ ၂ ပါတီလုံးက အဖွဲ့ဝင်တွေအနေနဲ့ နုတ်ထွက်ပြီး ပါတီသစ် မဖွဲ့ကြဖို့နဲ့ ပါတီကို မြန်မာတနိုင်ငံလုံးမှာဖွဲ့စည်းဖို့တွေ သဘောတူခဲ့ကြပါတယ်။

ပါတီ ၂ ခု ပေါင်းစည်းလိုက်နိုင်တာဟာ ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကို ဦးတည် လျှောက်လှမ်းလိုက်တာလည်း ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကနေ ဆွေးနွေးခဲ့သူ ဦးလှမြင့်က အခုလို ပြောပါတယ်။

“၈၈ ကတည်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီထောင်ကတည်းက ရခိုင်တမျိုးသားလုံးညီညွတ်ရေးဆိုတာကို လူကြီးတွေက ရည်မှန်းခဲ့တာပါ။ အခုက ရခိုင်တမျိုးသားလုံးညီညွတ်ရေးရဲ့ အစိတ်အပိုင်းတခုပဲ ရှိပါသေးတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပေါင်းတာကလေ။ ပထမဆုံးခြေလှမ်းဖြစ်တယ်။ နောက်ထပ် လူတွေနဲ့လည်း ပေါင်းစည်းဖို့၊ ဆွေးနွေးဖို့နဲ့ ညီညွတ်ဖို့ လိုပါသေးတယ်။”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဘက်က ဆွေးနွေးခဲ့သူ ဒေါ်အေးနုစိန်က “ရခိုင်တမျိုးသားလုံးက ပါတီတွေ ကွဲနေတာ မကြိုက်ဘူးလေ။ ရခိုင်လူမျိုးတွေအတွက် လုပ်မယ့် ပါတီတွေက တပေါင်းတစုထဲ လုပ်လိုက်တာ ပိုကောင်းတယ်ဆိုတဲ့ ခံယူချက်တွေ ရှိပါတယ်။ အဲခံယူချက်ကို ဖြည့်ဆည်းပေးရာရောက်လို့ ရခိုင်တမျိုးသားလုံးရဲ့ ကောင်းကျိုးချမ်းသာတွေကို ဥပဒေနဲ့အညီ အားလုံး ပူးပေါင်းပြီး လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပါတီပူးပေါင်းရေး ဆွေးနွေးပွဲမှာ နှစ်ဘက်ပါတီ ကိုယ်စားလှယ် ၆ ဦးစီ တက်ရောက်ခဲ့တာမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဦးကျော်မြင့်၊ ဦးထွန်းညို၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးလှမြင့်နဲ့ ဦးဘကျော်တို့ ပါဝင်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေနဲ့တော့ ဒေါက်တာအေးမောင်၊ ဦးသာထွန်းလှ၊ ဒေါ်အေးနုစိန်၊ ဦးအောင်ကျော်ဇံ၊ ဦးထွန်းအောင်ကျော်နဲ့ ဦးခင်မောင်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

ဒီလို ရခိုင်နိုင်ငံရေးပါတီတွေ ပူးပေါင်းလိုက်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲကျရင် တခြား အင်အားကြီးပါတီတွေနဲ့ ယှဉ်ပြိုင်နိုင် မှာ ဖြစ်သလို   ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက် ပါတီချင်းတင်မကဘဲ ပြည်တွင်းနဲ့ ပြည်ပက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ အခြားလူမှုအဖွဲ့အစည်းတွေပါ တပေါင်းတစည်းထက် ဖြစ်စေချင်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမတ် ၂၆ နေရာနဲ့ တပြည်လုံးမှာ တတိယအနိုင်ရခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်ဖြစ်ပါတယ်။ ၂၀၁၀  ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘဲ  ၂၀၁၂ ခုနှစ် မေလမှာ ပါတီကို ပြန်ပြီးမှတ်ပုံတင်ခဲ့တာပါ။။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထူထောင်ခဲ့တဲ့ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အမတ်နေရာ ၃၅  နေရာ ရရှိထားပါတယ်။

ရခိုင်ပါတီတွေ ပူးပေါင်းသလိုပဲ ချင်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား ပါတီတွေ အချင်းချင်းလည်း ပူးပေါင်းကြဖို့ ပြင်ဆင်နေကြသလို ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အားကြီး နိုင်ငံရေးပါတီတွေကို မြေပြန့်ဒေသမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် တိုင်းရင်းသားမဟာမိတ်ပါတီတခုကို ထူထောင်ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013