DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား ဗီဇာတုံးအတုထုပေးသည့် ထိုင်းအမျိုးသမီးကို ဖမ်းဆီး 
DVB
·
August 27, 2020
မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား ဗီဇာတုံးအတုထုပေးသည့် ထိုင်းအမျိုးသမီးကို ဖမ်းဆီး 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းလဝကဗီဇာတုံးအတု ထုပေးနေတဲ့ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အသက် ၃၃ နှစ်ရွယ်ရှိ နန်းဆောင်ဆုကန်းယားဆိုသူ ထိုင်းအမျိုးသမီးဟာ ၃ နိုင်ငံရွှေ့ ပြောင်းအလုပ်သမားတွေဆီကနေ ဘတ်ငွေ ၅၀၀၀  ကနေ  ၁၃၀၀၀ အထိ ငွေလိမ်ယူပြီး ထိုင်းလဝကဗီဇာတုံးတွေ ထုပေးခဲ့ကြောင်း စုံစမ်းသိရှိရတာကြောင့် ဘန်ကောက် မင်ဘူရီ နယ်မြေ ထဲမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့  နယ်မြေ ၁ လဝကညွှန်မှူး  ရဲမှူးချုပ် ပီတိ နိထိနွန်ထဆစ်က ပြောပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က အသက် ၃၅ နှစ်ရွယ်ရှိ စန္ဒာဝင်းဆိုသူ မြန်မာ အမျိုးသမီး ၁ ဦးဟာ သူ့ရဲ့ ပတ်စပို့စာအုပ်ထဲက လဝကဗီဇာတံဆိပ်တုံးပေါ် သံသယရှိလို့ စစ်ဆေး ပေးဖို့ အမှတ် ၁ နယ်မြေလဝကရဲဌာနဆီ လာပြီးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးကြည့်ရာမှာတော့ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့ထိ  ထိုင်း နိုင်ငံတွင်း နေထိုင်ခွင့်ပြုထားတဲ့ အမှတ် ၂ နယ်မြေခံ လဝကတံဆိပ်တုံးရော၊ လက်မှတ်ထိုးပေးသူ လဝကတာဝန်ရှိသူရဲ့ ရာထူးနဲ့အမည်ပါ အတုဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းခဲ့တယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

 တံဆိပ်တုံးတု ထုပေးနေသူမှာ နန်းဆောင်ဆုကန်းယား ဖြစ်ကြောင်း သိရှိရတဲ့အတွက် ပိုပြီးသေချာအောင် အလုပ်သမားတွေကို စေလွှတ်ပြီး ဆက်သွယ်ဆောင်ရွက်စေကာ စာအုပ်ပြန်ရလာချိန်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူဟာ တချို့စာအုပ်တွေကို လဝကရုံးမှာ အမှန်တကယ် ဗီဇာအစစ်ထုပေးခဲ့ပြီး တချို့ ကိုတော့ အတုထုပေးခဲ့ကြောင်း၊ အစစ်နဲ့အတု ရောလုပ်ပေးတော့ မသိသာသလို ဈေးနှုန်းမှာလည်း တခြားအေးဂျင့်တွေထက်သက်သာတော့ အလုပ်သမားအချင်းချင်းက သူ့ဆီမှာပဲလုပ်ဖို့ အဆင့်ဆင့်ပြောပေးခဲ့ကြကြောင်း၊  ရဲတပ်ဖွဲ့ကတော့ သူမကို အစိုးရဌာနဆိုင်ရာတံဆိပ်တုံး တုပမှု၊ ဌာနဆိုင်ရာတာဝန်ရှိသူရဲ့ တံဆိပ်တုပမှု၊ အလွှဲသုံးစားပြုမှုတွေနဲ့ အရေးယူသွားမယ်လို့  ရဲမှူးချုပ် ပီတိ နိထိနွန်ထဆစ်က ပြောသွားပါတယ်။ 

အလုပ်သမားတွေဟာ သက်ဆိုင်ရာ လဝကရုံးမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဗီဇာ တံဆိပ်တုံးထုရင် အခုလို အတုအပတွေ မကြုံရပါဘူး။ 

 ဒါပေမဲ့ လဝကရုံးမှာ အလုပ်အကိုင်ပျက်ပြီး အချိန်ကြာကြာတန်းစီရတာတွေ၊ လဝကရဲက အလုပ်ရှင်နဲ့ ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ တောင်းပြီးရစ်တာ၊ အလုပ်ရှင်ကလည်း မိမိအလုပ်သမားရဲ့ အထောက်အထားကိစ္စပေါ် အရေးတယူ ဆောင်ရွက်ပေးတာတွေ အားနည်းတဲ့အတွက် အခုလို ပွဲစားနဲ့ ငွေပေးပြီးလုပ်ခိုင်းတာတွေ ဖြစ်လာရတာလို့ ရွှေ့ပြောင်း အလုပ်သမားရေးဆောင်ရွက်နေသူ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဥပဒေအကြံပေး စိုင်းပိန်းက ဒီဗွီဘီကို ပြောပါတယ်။ 

ကိုးကား- SIAMRATH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013