DVB Logo
Home
မြန်မာသတင်း
အင်္ဂပူလယ်သမား ၅၀၀ ကျော် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်
DVB
·
June 17, 2013
Donate to DVB

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ရရှိဖို့အတွက် အင်္ဂပူမြို့နယ်က လယ်သမား ၅၀၀ ကျော် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ပြုလုပ်မယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသမှာ အမှတ် ၆ အဆင့်မြင့် လေ့ကျင့်ရေးသင်တန်းကျောင်းက သိမ်းထားတဲ့ လယ်ဧက ၂၀၀ ကျော်ပြန်ရဖို့ ဇွန် ၁၉ ရက်နေ့မှာ လယ်သမားတွေက ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲလုပ်မှာပါ။

၁၉၉၄ ခုနှစ်ကတည်းက သိမ်းဆည်းထားတဲ့ လယ်မြေတွေပြန်ရဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အကြိမ်ကြိမ်တင်ပြခဲ့ပေယ့် မထူးခြားတာကြောင့် လူအင်အားပိုသုံးပြီး ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

လူအင်အား ၅၀၀ ကျော်နဲ့ ပြုလုပ်မယ့် ထွန်တုံးတိုက်ပွဲကို ဦးဆောင်တဲ့ လယ်သမား ဦးသန်းဌေးက လယ်ယာမြေအသိမ်းခံရလို့ ဘ၀ပျက်သွားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“စသိမ်းကတည်းကတော့ လယ်သမားတွေက ကျေနပ်မှု မရှိခဲ့ပါဘူး။ လျော်ကြေးကလည်း ၁ ဧကကို ၂၀ နှုန်းလောက်ပဲရကြတယ်။ ဒါပေမယ့် မပြောရဲကြဘူး။ ကြောက်ကြတယ်။ အဲဒီလိုမျိုးနဲ့ ဘ၀တွေပျက်ကြတယ်။ တချို့ဆို ရူးတောင်ရူးကြတယ်။ အိုးမဲ့အိမ်မဲ့နဲ့ ကလေးတွေဘာတွေပါ ကျောင်းမထားနိုင်တော့ဘူး။ ဥပဒေတွေ ပေါ်လာတဲ့အခါကျတော့ တိုင်းဒေသကြီးအဖွဲ့ကိုရော၊ နိုင်ငံတော်သမ္မတကြီးဆီကိုပါ ကျနော်တို့ တိုင်တယ်။ ဘာမှပြန်မဖြေကြားပေးဘူး။ စုံစမ်းရေးကော်မရှင်ပေါ်လာတော့ အဲဒီကို ထပ်တင်တယ်။ စုံစမ်းရေးကော်မရှင်ကလည်း စစ်ဆေးပေးတယ်။ သိမ်းခံရတဲ့လယ်မြေဟုတ်၊ မဟုတ် ကြည့်ပေးတာ ပြန်ရ၊ မရ ဘာမှမပြောဘူး။ အဲဒါနဲ့ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီကိုလည်း ပြောတယ်။ ဘာမှမထူးခြားလို့ ဒီလိုထွန်တုံးတိုက်ပွဲတွေ လုပ်ရတာပါ။”

ထွန်တုံးတိုက်ပွဲလုပ်တဲ့ ဒေသခံတွေက လယ်ယာမြေတွေ ပြန်ရဖို့ တခုတည်းကိုပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်က လယ်သမားတွေက ဇွန် ၅ ရက်နေ့ကလည်း ထွန်တုံးတိုက်ပွဲလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီလယ်သမားတွေကို စစ်တပ်က တရားလို ပြုလုပ်တိုင်ကြားတာကြောင့်  ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားပြီး လယ်သမား ၂၁ ယောက်ကို တရားစွဲထားတယ်လို့ ကွင်းကောက်ရဲစခန်းမှူး ရဲအုပ်ကိုကိုနိုင်က ပြောပါတယ်။

ရဲစခန်းအနေနဲ့ ထွန်တုံးတိုက်ပွဲကို တားဆီးမှာမဟုတ်ဘဲ အမှုဖွင့် တိုင်ကြားလာရင်တော့ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အာမခံနဲ့နေတဲ့ လယ်သမားတွေ ထွန်တုံးတိုက်ပွဲမှာ ထပ်မံပါဝင်မယ်ဆိုရင် ဒုတိယအကြိမ် တရားစွဲခံရမှာဖြစ်ပြီး ပြစ်မှုလည်း ၂ ဆဖြစ်မယ်လို့ ရဲအုပ်ကိုကိုနိုင်က ပြောပါတယ်။

ဒီအပေါ်မှာ ဦးသန်းဌေးက “ကျနော်တို့ လယ်သမားတွေအတွက်က လယ်ပြန်ရဖို့ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ အခု အမှုဖွင့်ထားတယ်ဆိုတာလည်း ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲထားပြီး စစ်ဆေးတုန်းပဲရှိပါသေးတယ်။ ပြစ်မှု မြောက်မမြောက် မသိသေးပါဘူး။ ထောင်ကျမယ်လို့ သေချာပြောလို့ မရပါဘူး။ ကျနော်တို့ရဲ့ ဘိုးဘွားပိုင်မြေတွေပြန်ဖို့ အာမခံနဲ့နေတဲ့ လယ်သမား ၂၁ ယောက်တင်မကဘူး၊ လယ်သမားအားလုံးပါမှာပါ။ ကျနော်တို့က တရားဥပဒေနဲ့အညီ လုပ်ပေးဖို့ တောင်းဆိုတာ တရားဥပဒေမဲ့လုပ်လို့ ဒီလိုဖြစ်ရတာပါ” လို့ ပြောပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013