DVB Logo
Home
မြန်မာသတင်း
ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ်
DVB
·
August 25, 2020
ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ်
1 / 6
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကန်ပြားအရှေ့ရွာမှာဖွင့်လှစ်ထားတဲ့ ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ပေးခဲ့ကာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ်ထူးရှင်တွေထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ယသဇေယျာရုံ ဘုန်းတော်ကြီးမှာ ပညာသင်ယူခဲ့တဲ့ မအိမွန်အောင် ဆရာ ဆရာမတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်ကြားမှုနဲ့ အမှတ်ပေါင်း ၅၂၄ မှတ်၊၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး မကွေးတိုင်းမှာ အမှတ်အများ ၁၀ ယောက်စာရင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

၆ ဘာသာဂုဏ်ထူးရှင် မအိမွန်အောင်က "ပရဟိတ စာသင်ကျောင်းဖြစ်ပြီးတော့ စာသင်ကောင်းတဲ့ဆရာဆရာမတွေနဲ့ သင်ကြားရ သလို စာသင်ချိန်မှာ ဂရုတစိုက် နားထောင်ပြီး ကိုယ်တိုင်လေ့လာတဲ့အားလည်းကောင်းဖို့ လိုအပ်ပြီး သံဃာတော်တွေနဲ့ ငွေကြေး မတတ်နိုင်သူတွေကို ဆေးအလကားကုပေးချင်တာကြောင့် ဆရာဝန်ဖြစ်ချင်လို့ ဆေးတက္ကသိုလ်တက်ဖို့ဆုံးဖြတ်ထားတယ်"လို့ ပြောပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုဝင်စာမေးပွဲ ဖြေဆိုသူ ၂၆၃ ယောက်အနက် ၁၂၆ ယောက်အောင်မြင်ပြီး ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၂ ဘာသာနှစ်ဦး နဲ့ တစ်ဘာသာ ၁၈ ဦး ဂုဏ်ထူးရရှိခဲ့ပါတယ်။

ယသဇေယျာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးကလျာဏက "ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ စရိတ်သက်သက်သာသာ ပညာသင်ကြားနိုင်အောင်ရည်ရွယ်ပြီး နိုင်ငံတော်ရဲ့ ပညာရေး ကိုတစ်ဖက်တလမ်းက အထောက်အကူပြုတဲ့အနေနဲ့ ပရဟိတကျောင်း ဖွင့်လှစ်ထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အထက်တန်း၊ အလယ်တန်းပြ ဆရာဆရာမ ၃၅ ဦးရှိပြီး ကိုဗစ်ကာလမတိုင်ခင်က ကျောင်းသားကျောင်းသူ ၁၀၀၀ လောက် ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ အညီ ကျောင်းသားကျောင်းသူ ၁၅၀ ဦးခန့်သာ လက်ခံသင်ကြားပေးနေပြီး ဆရာဆရာမ ၃၅ ဦးကိုတော့ ကျောင်းသားမိဘတွေသဘောတူညီချက်နဲ့ တစ်လကို ကျပ် ၆၀၀၀၀ နှုန်းနဲ့ တစ်နှစ်စာထောက်ပံ့ပေးထားတယ်လို့  ဆရာတော် ဦးကလျာဏက မိန့်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲကိုဘာသာစုံဂုဏ်ထူးရှင် ၂၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄၁ ဦးအပါအဝင် ဂုဏ်ထူးရကျောင်းသားပေါင်း ၅၀၈၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013