DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများကို ရပ်တန့်ရန် သံဃာထုပန်ကြား
DVB
·
June 14, 2013
အကြမ်းဖက်မှုများကို ရပ်တန့်ရန် သံဃာထုပန်ကြား
Donate to DVB

ပြဿနာတခုဖြစ်ရင် လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ ဘာသာရေးအသွင်ဆောင်သည်ဖြစ်စေ အကြမ်းမဖက်ကြဖို့နဲ့ တရားဥပဒေနဲ့သာ ဖြေရှင်းကြဖို့ ရန်ကုန်မှာကျင်းပတဲ့ သံဃာထုအစည်းအဝေးက သဘောထားထုတ်ပြန်လိုက်ပါတယ်။

မှော်ဘီမြို့က ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်မှာ ဇွန် ၁၃ ရက်ကနေ ၁၄ ရက်ထိ  တိုင်းနဲ့ ပြည်နယ်အသီးသီးက သံဃာအပါး ၂၂၇ ပါးတို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲကနေ ထုတ်ပြန်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ကာလအတွင်း မြန်မာပြည်မှာ အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုတွေနဲ့ မလေးရှားရောက် မြန်မာတချို့ သတ်ဖြတ်ခံရမှုတွေအပြီး သံဃာတွေရဲ့ ဆွေးနွေးပွဲကနေ ထုတ်ပြန်တာပါ။

ပြဿနာဖြစ်တဲ့အခါပဲဖြစ်ဖြစ်၊ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ်  ဘာသာရေးခေါင်းဆောင်တွေ အချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ကြပါလို့ ဆွေးနွေးပွဲအပြီး ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီဆွေးနွေးပွဲကြီးရဲ့ပြောခွင့်ရ ဆရာတော်ဒေါက်တာဓမ္မပိယက နောက်နောင် ပြဿနာမဖြစ်ပွားအောင် ကြိုးပမ်းကြဖို့ သံဃာတွေ သဘောတူခဲ့တယ်လို့ မိန့်ပါတယ်။

“အကြမ်းဖက်မှုတွေက ၀မ်းနည်းဖွယ်ဖြစ်နေတော့ ရှေ့လည်း ဆက်မဖြစ်ရအောင် သံဃာတော်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုနည်းနဲ့ လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစွာအဖြေရှာနိုင်အောင်ဆိုပြီး သံဃာအချင်းချင်း ဆွေးနွေးတယ်။ လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ ဘာသာရေးအသွင်ဆောင်သည်ဖြစ်စေ ဘယ်လိုနည်းနဲ့မှ အကြမ်းမဖက်ဖို့၊ လမ်းဘေးထွက်တာ၊ ကိုယ်တိုင်ပါဝင်တာတွေ မဖြစ်စေဘဲ တရားဥပဒေဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်ဖို့ ဆိုတဲ့ အဖြေထွက်လာတယ်။”

“၉၆၉” ဂဏန်းဟာ ရတနာသုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့အတွက် ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မယ့် နေရာမျိုးမှာ အသုံးမပြုဖို့လည်း သံဃာတော်တွေက ကြေညာတယ်လို့ ဆရာတော် အရှင်ဓမ္မပိယက ရှင်းလင်း မိန့်ကြားပါတယ်။

“တချို့က ၉၆၉ ကို အသုံးချပြီး တချို့နေရာတွေမှာ တခြား ဘေးပယောဂနဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်တယ်။ အဲဒါကို ၉၆၉ ဆိုပြီး ဂဏန်းရေးထားခဲ့တာ ရှိတယ်။ နောက် တခုခုဆို ထစ်ခနဲဆို လုပ်ချင်ရာလုပ်တာကို ၉၆၉ ရဲ့ အင်အားယူပြီး သုံးတာရှိတယ်။ ဒါကြောင့် သံဃာတော်များက ၉၆၉ ဟာ ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ကိုယ်စားပြုတယ်။ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တယ်။ ၉၆၉ ကို လူမျိုးရေးနဲ့ ဘာသာရေးတွေမှာ အသုံးချခြင်း မလုပ်ဖို့ ညှိနှိုင်းဆွေးနွေးတာပါ။”

နိုင်ငံရပ်ခြားမှာ ဗုဒ္ဓ၀ါဒီတွေဟာ အကြမ်းဖက်ပြဿနာတွေကို ဥပဒေအရ အရေးယူ ကိုင်တွယ်တာထက် ဆင်ခြင်စဉ်းစားတဲ့ ပညာနည်းသူတွေကြောင့် ပြဿနာတွေ ကြီးထွားတာကို ထောက်ပြပြီး နောက်နောင်မဖြစ်အောင်  ဒီဆွေးနွေးပွဲ လုပ်ရတာပါလို့ ဆရာတော်က ရှင်းလင်း မိန့်ကြားပါတယ်။

“လူ ၂ ယောက် ရန်ဖြစ်တယ်ဆို၊ အဲ ၂ ယောက်က ကုလားနဲ့ ဗမာဖြစ်နေတယ်ဆိုကတည်းက အ၀မှာ အဆင့်သင့်ဖြစ်နေသူတွေ၊ ပါဝင်တာတွေ ရှိတယ်။ အဲလို ဘာကြောင့် ပါဝင်တာလဲ။ ဘုန်းဘုန်းတို့ဆီမှာ ပညာရေးစနစ်တကျ မသင်ခဲ့ရတော့ ပညာတတ်နည်းပါးတာတွေ့ရတယ်။ အဲဒါတွေကြောင့် သူတို့က စိတ်ခံစားချက်ကို ဦးစားပေးပြီး တုံ့ပြန်ကြတာဆိုတော့ တခါတလေ ဘာမဆိုင်ညာမဆိုင်လူတွေ ပါလာတယ်၊ လားရှိုးလို လူတဦးတယောက်က မီးရှို့ရင် အဲပုဂ္ဂိုလ်ကိုပဲ တရားဥပဒေအတိုင်းအရေးယူဖို့၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ရှေ့မဖြစ်ရအောင် သံဃာတော်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်တာပါ။”

မြန်မာနိုင်ငံတွင်းမှီတင်းနေထိုင်တဲ့ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေထိုင်ရေးမူကို ထောက်ခံပြီး ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ ဂုဏ်သိက္ခာကို မှေးမှိန်ညှိုးနွမ်းအောင် မှားယွင်း စွပ်စွဲရေးသားချက်တွေကို ကန့်ကွက်ထားပါတယ်။

ပြည်တွင်းနဲ့ ပြည်ပမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ၀မ်းနည်းကြောင်းနဲ့ ဒုက္ခရောက်သူတွေကို ကူညီကြတဲ့အစိုးရနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင် မှတ်တမ်းတင်ပြီး နောက်နောင် လှူဒါန်းလိုသူတွေက မှော်ဘီဓမ္မဓူတဆရာတော်ထံ ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
၂ ရက်တာ အကြိုညှိနှိုင်းဆွေးနွေးပွဲကြီးကို ဗန်းမော်ဆရာတော်ဘုရားကြီးနဲ့ ပီနန်ဆရာတော်စတဲ့ ဆရာတော်ကြီးတွေလည်း တက်ရောက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013