DVB Logo
Home
မြန်မာသတင်း
ဖားကန့်ရတနာနယ်မြေသို့ လာရောက်သူများကို ကျန်းမာရေး စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမည်  
DVB
·
August 24, 2020
ဖားကန့်ရတနာနယ်မြေသို့ လာရောက်သူများကို ကျန်းမာရေး စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမည်  
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေကို လာရောက်မယ့်သူတွေကို ဩဂုတ် ၂၄ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ လက်ခံသွားမယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက သိရပါတယ်။

ခုလိုပြုလုပ်ရတာဟာ ကိုဗစ်-၁၉ ဆိုင်ရာ ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်တယ်လိုလည်း ဆိုပါတယ်။

ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာမယ့် ခရီးသည်တွေကို ဖားကန့်မြို့အဝင် ဂိတ် (၄)ဂိတ် ဖြစ်တဲ့ ကာမိုင်းဂိတ်၊ လုံးခင်းလယ်ပြင်းဂိတ်၊ ဝှေခါ-မကားပြင်ဂိတ်၊ ဆယ်ဇင်းဂိတ်တွေမှာ မြို့နယ်ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ဌာနပေါင်းစုံပါဝင်တဲ့ ကျန်းမာရေးစစ်ဆေးမယ့် အဖွဲ့တွေက ဩဂုတ် ၂၃ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က  ပြောပါတယ်။

"ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်မယ်။ Stay at Home ဒေသကလာတဲ့ ခရီးသည်တွေဆိုရင် ၁၄ ရက် Quaratine ထားမယ်။ နှာခေါင်းတို့ဖတ်၊  နှစ် ကြိမ်စီယူပြီး စစ်ဆေးမယ်။ အားလုံးကင်းရှင်းပြီဆိုမှ သူတို့ သွားလိုရာကိုသွားခွင့်ပြုပါ့မယ်”

ဖားကန့်ရတနာနယ်မြေကို ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ပြားရှိဒေသတွေက ဝင်ရောက် လာသူတွေ ရှိနေတာကြောင့် အခုလို စီစဉ်ဆောင်ရွက်ရတာလို့လည်း အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖားကန့်ရတနာနယ်မြေ ဝင်ရောက်လာမယ့်  ခရီးသွားတွေဟာ မိမိတို့နေထိုင်ခဲ့ရာဒေသက အုပ်ချုပ်ရုံးက ခရီးသွားထောက်ခံစာတွေ ယူခဲ့ရမှာဖြစ်ပြီး ဖားကန့်မြို့နယ်ကို ဝင်ရောက်ဖို့ အတွက် ကန့်သတ်ထားတာမျိုး မရှိဘူးလို့ အထွေထွေအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

"ကိုယ်လာရောက်တဲ့ အရပ်က ရပ်ကွက်/ကျေးရွာ တာဝန်ခံတွေရဲ့ ခရီးသွားထောက်ခံစာတွေ တပါတည်း ယူခဲ့ရင်တော့ ကျနော်တို့ စိစစ်ရတာ ပိုအဆင်ပြေပါတယ်။ ဘယ်သူမဆို လာရောက်ခွင့်ပြုထားပါတယ်။ ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ လာရောက်မယ်ဆိုရင်တော့ ခရီးသွား ထောက်ခံစာတွေ မဖြစ်မနေယူဆောင်လာရပါ့မယ် "လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။

အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ ဩဂုတ် ၂၄ ရက် မနက်  ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆၃  ဦးအထိရှိခဲ့ပြီး  ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၇၂ ဦးအထိ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေကို ရခိုင်ပြည်နယ်ကနေ လာရောက်အလုပ် လုပ်ကိုင်သူတွေကလည်း  အများအပြားရှိနေတာဖြစ်ပါတယ်။

ဖားကန့်ရတနာနယ်မြေ အဝင်ဂိတ်တွေကို မတ်လ ၂၇ ရက်မှ ဇွန်လအထိ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ငန်းတွေကို ပထမအကြိမ် လုပ်ဆောင်ခဲ့ပြီး အခု တကြိမ်ပြုလုပ်မှုဟာ ဒုတိယအကြိမ် ဆောင်ရွက်တာဖြစ်ပါတယ်။

သတင်း- ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013