DVB Logo
Home
မြန်မာသတင်း
ဈေးမပြောင်းရရေး အလုပ်လက်မဲ့ ပျံကျဈေးသည်များ ဆန္ဒဖော်ထုတ်မည်
DVB
·
June 14, 2013
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့လယ်မှာရှိတဲ့ ညောင်ပင်အခွန်လွတ်ဈေးကို ဖျက်သိမ်းလိုက် တာကြောင့် ပျံကျဈေးသည် ၂၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ဈေးမပြောင်းရွှေ့ရရေး ဇွန် ၁၈ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ခရိုင်ထွေအုပ်၊ မြို့နယ်ရုံးကို စာတင်ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့လယ်က ညောင်ပင်အခွန်လွတ်ဈေးကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မြို့နယ်စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်သိမ်းခိုင်းခဲ့တာပါ။

ဈေးသည်တွေက ချက်ချင်းမဖယ်ပေးဘဲ ဆက်လက်ရောင်းနေရာကနေ သက်ဆိုင်ရာက အခုရက်ပိုင်းအတွင်းမှာ ကြက်ခြေနီရုံးနဲ့ ၀န်ထမ်းအိမ်ရာတွေဆောက်ဖို့ ပန္နက်ရိုက်လိုက်တယ်လို့ ဆိုပါတယ်။

ဈေးမရောင်းရတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေပြီး စားဝတ်နေရေး အခက်ကြုံရတယ်လို့ ငါးရောင်းနေတဲ့ ဈေးသည်တဦးက ပြောပါတယ်။

“စားဝတ်နေရေးကတော့ ကြုံသလိုဖြေရှင်းရတယ်။ ဒါပေမယ့် ပုံမှန်ဈေးရောင်းရမှပဲအဆင်ပြေမယ်။ ဈေးသည်က ဈေးပဲရောင်းတတ်တာကိုး။”

ညောင်ပင်ဈေးက ဈေးသည် စုစုပေါင်း ၆၀၀ ကျော်မှာ ၄၀၀ ကျော်က တခြားဈေးမှာ သွားရောက်ရောင်းချပေမယ့် ၂၀၀ ကျော်ကတော့ ဈေးကောက် မတတ်နိုင်တဲ့အတွက် မရောင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

“အောင်သပြေအမှတ် ၂ ဈေးနဲ့ မြို့မဈေးကြီးမှာ နေရာခွဲပြီး ထွက်နေကြပါတယ်။ အောင်သပြေ အမှတ် ၂ ဈေးထဲမှာရောင်းတဲ့သူတွေက ပိုတတ်နိုင်တဲ့သူတွေပေါ့။ သူတို့တောင် ညောင်ပင်ဈေးမှာလောက် အဆင်မပြေဘူး။ ဈေးသည် ၂၀၀ ကျော်လောက်က ဈေးမရောင်းနိုင်တော့ဘူး။ ညောင်ပင်ဈေးမှာ ရောင်းတုန်းကတော့ မြို့လယ်ဆိုတော့ သွားလာရတာရော၊ ဈေးသည်တွေလည်း ရောင်းရတော့ စားဝတ်နေရေး အဆင်ပြေတယ်။ အောင်သပြေဈေးက မြို့စွန်ကျတယ်။ တရားဝင်ခွင့်ပြုပြီးသားဈေးကို လမ်းဘေးဈေးဆိုပြီး ဖျက်တာ နေရာပြန်မရရင်တောင် တခြားနေရာမှာစီစဉ်ပေးစေချင်တယ်။”

ဈေးမပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ ၂၀၁၂ နိုဝင်ဘာလကတည်းကစပြီး လွှတ်တော်ကို အသနားခံစာနဲ့ တိုင်စာ အကြိမ်ကြိမ်တင်ထားပေမယ့် အခုချိန်ထိ ဘာမှ အကြောင်းမပြန်သေးတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ စတင်ထားတာလို့ ဆိုပါတယ်။

ညောင်ပင်ဈေးကို ၂၀၀၃ ခုနှစ်မှာ တရားဝင်အမိန့်ကြေညာစာနဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖျက်သိမ်းရာမှာ ဈေးအသစ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဈေးအနီးမှာကားဂိတ်နဲ့ သုံးဘီးဂိတ် စီစဉ်ပေးမယ်၊ ကောက်နေကျဈေးကောက်ထက် လျှော့ပေါ့ ကောက်ပေးမယ်၊  တမြို့လုံးက ပျံကျဈေးသည်တွေကို ဈေးသစ်မှာနေရာချထားပေးမယ် စတဲ့အချက်တွေကို ပြောကြားခဲ့ပေမယ့် အခုထိ မစီစဉ်ပေးသေးဘူးလို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

ညောင်ပင်ဈေး ပျံကျဈေးသည်တွေရဲ့ ပြဿနာကို မြို့နယ်စည်ပင်က စီစဉ်ပေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စည်ပင်သာယာကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013