DVB Logo
Home
မြန်မာသတင်း
အခွန်သက်သာခွင့် ပြန်ရသဖြင့် မြန်မာပို့ကုန် ပိုတင်ပို့နိုင်တော့မည်
DVB
·
June 13, 2013
အခွန်သက်သာခွင့် ပြန်ရသဖြင့် မြန်မာပို့ကုန် ပိုတင်ပို့နိုင်တော့မည်
Donate to DVB

အီးယူ (ဥရောပသမဂအဖွဲ့ဝင်နိုင်ငံများ) က မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဖြစ်တဲ့ (ဂျီအက်စ်ပီ) ကို ပြန်လည်ပေးမယ်လို့ ကြေညာလိုက်တဲ့အတွက် မြန်မာ့ပို့ကုန်တွေ အီးယူဈေးကွက်ကို ပိုမိုတင်ပို့လာနိုင်တော့မှာ ဖြစ်ပါတယ်။

အီးယူက ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဖြစ်တဲ့ အခွန်သက်သာခွင့် (ဂျီအက်စ်ပီ) ကို မြန်မာနိုင်ငံကို ပြန်ပေးဖို့ ဇွန် ၁၂ ရက်က ကြေညာလိုက်တာပါ။

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က “ဟိုဘက်နိုင်ငံမှာ အခွန် သုည ဖြစ်တဲ့အတွက် ပိုပြီး ပို့နိုင်မယ်လေ။ ဈေးကွက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်။ ဟိုဘက်နိုင်ငံကလဲ အခွန်မထမ်းဆောင်ရတဲ့အတွက် ပိုပြီးသွင်းမယ်။ ပိုသွင်းတော့ ပိုရောင်းရတာပေါ့။ ပိုရောင်းရတဲ့အတွက် ပိုမိုထုတ်လုပ်ရလို့ အလုပ်သမားတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွက်လာမှာဖြစ်တယ်။ ဒီတော့ တိုင်းပြည်အတွက်လဲ ၀င်ငွေပိုရတာပေါ့” လို့ ပြောပါတယ်။

အီးယူဈေးကွက်က အခြားနိုင်ငံတကာဈေးကွက်ထက် ဈေးနှုန်း ပိုမိုပေးနိုင်လို့ မြန်မာနိုင်ငံနည်းတူ တင်ပို့နေတဲ့ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ ဆိုပါတယ်။

အခွန်သက်သာခွင့် ပြန်ပေးမှုကြောင့် အီးယူဈေးကွက်ထံ တင်ပို့မှုရှိခဲ့တဲ့ အထည်လိပ်နဲ့ ရေထွက်ကုန်ကဏ္ဍတွေအပေါ်မှာ ကုန်သွယ်မှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုပါ ၀င်လာမယ်လို့ ဦးသန်းအောင်ကျော်က ပြောပါတယ်။

“အိုင်အယ်လ်အိုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ လူအခွင့်အရေးဆိုင်ရာကိစ္စတွေကို အကြောင်းပြပြီးတော့ မပေးတာလေ။ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်တို့က အစောကတည်းက ဒီအခွင့်အရေးကို ခံစားနေရတာ။ ဒါကြောင့် အီးယူကို အဓိကတင်ပို့မှုရှိခဲ့တဲ့ အထည်လိပ်နဲ့ရေထွက်ကုန်ကဏ္ဍတွေက တိုးတက်မှာဖြစ်တယ်။ နောက် အီးယူမားကတ်ကို တင်ပို့နိုင်ပြီဖြစ်လို့ ဒီနယ်ပယ်မှာ စိတ်ဝင်စားပြီးတော့ ရင်းနှီးမြှုပ်နှံလာဖို့ရှိတယ်။”

လတ်တလော မြန်မာပို့ကုန်အနေနဲ့ အထည်ချုပ်ပို့ကုန်သာ အဆင်သင့် ရှိသေးကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

“လောလောဆယ်တော့ အထည်အလိပ် ပို့နိုင်မယ်ထင်တယ်။ ရေထွက်ကုန်နဲ့ သစ် အချောထည်က သူတို့ရဲ့ အရည်အသွေးထိန်းချုပ်မှုကြောင့် လောလောဆယ်မှာ နည်းနည်း ခက်ခဲမယ်ထင်တယ်။ ပြီးတော့ ဟိုဘက်က ၀ယ်သူကို အသစ်ပြန်ရှာရမှာ ဖြစ်လို့ ဒါက ချက်ချင်းကြီးမလွယ်ဘူး။ ဒါကြောင့် အမြန်ဆုံး ပို့နိုင်ရင် အထည်လိပ်ရှိတယ်။ အထည်လိပ်ကတော့ သူတို့ရဲ့ အရည်အသွေးနဲ့ဒီဇိုင်းပိုင်းကို လုပ်နိုင်တာဖြစ်လို့ပါ၊”

အီးယူဈေးကွက်ဆီ ပြန်လည်တင်ပို့ဖို့အတွက် မြန်မာပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ အခုချိန်ကစပြီး လေ့လာထားဖို့ လိုသလို အီးယူရဲ့ဝယ်သူတွေကို ရှာဖွေထားရှိဖို့လိုတယ်လို့ ဆိုပါတယ်။

“ဒါကြောင့် တို့ဘက်က လူတွေအနေနဲ့ အခုချိန်ကတည်းက သူတို့ရဲ့လိုအပ်ချက်တွေကို စပြီးလေ့လာထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံနည်းတူ တင်ပို့မှုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေက အခုဆိုရင် ဘာကုန်စည်တွေ တင်ပို့မှုရှိလဲ၊ တို့က အခုဆိုရင် သူတို့နဲ့ ပြိုင်ရတော့မှာ ဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ အရည်အသွေးစံ သတ်မှတ်ချက်တွေ၊ rule and regulation တွေကို သိရှိဖို့လိုတဲ့အပြင် ပိုပြီးလိုအပ်တာက အီးယူကနေ တိုက်ရိုက်ဝယ်မယ့် ၀ယ်သူအသစ်တွေကို ရှာဖွေထားရှိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ တို့အရင်က ပို့တာက တဆင့်ခံအနေနဲ့ တင်ပို့မှုရှိခဲ့တာ။”

တချိန်က မြန်မာပို့ကုန်ဈေးကွက်အနေနဲ့ အီးယူ၊ အမေရိကန်နဲ့ အာရှနိုင်ငံတွေဆီ တင်ပို့မှုရှိခဲ့ပေမယ့် စီးပွားရေးအရ ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးတဲ့နောက် အာရှနိုင်ငံတွေဆီသာ အများဆုံး တင်ပို့ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ဒီဈေးကွက်ကြီးတွေကို ပြန်ရတော့မယ်လို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ဥရောပသမဂ္ဂက ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေကိုပေးတဲ့ အခွန်အထူးသက်သာခွင့်ကို မြန်မာနိုင်ငံလည်း ရနေရာက  အဓမ္မလုပ်အားခိုင်းစေမှုတွေကို စနစ်တကျကျူးလွန်တယ်ဆိုတဲ့ အချက်ကြောင့် ၁၉၉၇ ခုနှစ်မှာ ဆိုင်းငံ့ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် မနှစ်ဇွန်လမှာတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)က တိုးတက်ဖြစ်ထွန်းမှုတွေကို အစီရင်ခံခဲ့ပါတယ်။ ဒီနောက် ဂျီအက်စ်ပီပေးဖို့ ဖြစ်လာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013