DVB Logo
Home
မြန်မာသတင်း
ထိုင်းခရီးသွားများကို ကာကွယ်ရန် မြန်မာအစိုးရထံ တောင်းဆို
DVB
·
June 13, 2013
Donate to DVB

ပြီးခဲ့တဲ့ မေလက ထိုင်းခရီးသွား ၅ ဦး ပြန်ပေးဆွဲခံရပြီးတဲ့နောက် ထိုင်းခရီးသွားတွေကို  ကာကွယ်ပေးဖို့ ထိုင်းဘက်က မြန်မာအစိုးရကိုတောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က တာချီလိတ်မှာ ကျင်းပတဲ့ ထိုင်းမြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးမှာ ဖာမြောင်း အထူးတပ်ဖွဲ့ တပ်မှူးက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တာချီလိတ် ဟိုတယ်မှာ တည်းခိုနေတဲ့ ထိုင်း ခရီးသွား ၅ ဦးကို ၀ တိုင်းရင်းသားလူနည်းစုအဖွဲ့ဝင်တွေက မေလ ၄ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ ဖမ်းဆီးထားခဲ့ပြီးတော့ ပြန်ရွေးဖို့ အတွက် ဘတ်သန်း ၆၀၀၀  တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့် ဇွန် ၁ ရက်နေ့မှာတော့ ချင်းရိုင်ဒေသ မယ်ဖလန်းခရိုင်ကိုဖြတ်ပြီး ပြန်ပေးဆွဲခံရသူတွေ ထွက်ပြေး လွတ်မြောက်လာတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

ပြန်ပေးဆွဲတဲ့သူတွေကို အရေးယူပေးဖို့နဲ့ ၀ လူနည်းစုတိုင်းရင်းသားတွေက ကောက်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ်ဖို့ အဆိုပြုချက်ကို အချိန်ဆွဲထားဖို့ အစည်းအဝေးမှာ ထိုင်းက မြန်မာဘက်ကို တောင်းဆိုခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက Tourist Police တပ်ဖွဲ့ကို ရဲမှူးကြီးတဦး ခေါင်းဆောင်ပြီး ဖွဲ့စည်းထားတယ်။ ဧပြီလ ၁ရက်ကစပြီး အဲ့ဒီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးနေကြတယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထွန်းမြတ်က ပြောပါတယ်။

“မြန်မာ Tourist Police တပ်ဖွဲ့ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ သီးသန့်တပ်ဖွဲ့ ဖွဲ့လိုက်တယ်။ ပထမ လူ ၁၀၀ ကျော် ဘွဲ့ရ ရဲတွေကို လေ့ကျင့်ပေးပြီးပြီ။ အခု နောက်ထပ် ၁၀၀ ထပ် လေ့ကျင့်ပေးနေတယ်။ ခန့်မှန်းခြေ ၂၀၀-၃၀၀ ကြား၊ သူတို့တွေက ပုဂံ၊ မန္တလေး၊ အင်းလေးနဲ့ ရန်ကုန်၊ နေပြည်တော် နိုင်ငံခြားသားဧည့်သည်တွေ သွားလာမှုများတဲ့နေရာတွေမှာ ဧပြီ ၁ ရက်က စတာဝန် ထမ်းဆောင်နေပြီ။ နိုင်ငံတကာ Tourist Police တွေလို ဖြစ်အောင်။ မြန်မာနိုင်ငံမှာ Tourist Police စပေါ်တာတော့ လပိုင်းပဲရှိသေးတယ်။”

၂၀၁၃ ခုနှစ် ဇန်န၀ါရီလကနေ မေလကုန်အထိ ကမ္ဘာလှည့်ခရီးသည် ၅ သိန်း ၆ သောင်းလောက် လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013