DVB Logo
Home
မြန်မာသတင်း
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာတွင် တွေ့ရှိ၊ ပြည်သူများ သတိထားရန်လို
DVB
·
August 20, 2020
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာတွင် တွေ့ရှိ၊ ပြည်သူများ သတိထားရန်လို
Donate to DVB

အရင်ထက် ၁၀ ဆ  ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံမှာ တွေ့နေရပြီဖြစ်လို့ ပြည်သူတွေ အထူးသတိထားဖို့ လိုတယ်လို့ ဆေးသုတေသနဦးစီး တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်တုန်းက D614 မျိုးဗီဇ ကူးစက်တာဖြစ်ခဲ့ပြီး မေ ၇ ရက်နေ့နောက်ပိုင်းကစလို့ G614 မျိုးဗီဇ ကူးစက်မှုတွေ့ရှိခဲ့ရတယ်လို့ ဒီနေ့ ဆေးသုတေသနဦးစီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုတာပါ။

ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က “D614 ကနေ G614 မျိုးဗီဇပြောင်းသွားမယ်ဆိုရင် ရောဂါကူးစက်စေနိုင်မှုက ဆယ်ဆအထိ ပိုများပြားစေပါတယ်။ G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမယ်ဆိုရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေပိုများစေတယ်။ ကူးစက်မှုမြင့်မားနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်နေတဲ့ နိုင်ငံတွေမှာ G614 ဗီဇပြောင်းလဲနေတဲ့ ပိုးတွေကို ပိုတွေ့လာရပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီကနေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ မဖြစ်မနေလိုအပ်ပါတယ်”လို့ ပြောပါတယ်။

အရင်က ပြည်တွင်းကူးစက်တာတွေရဲ့ ဓာတ်ခွဲနမူနာ ၅ ခုမှာ တခုပဲ G614 မျိုးဗီဇကို တွေ့ရှိခဲ့တာကြောင့် ပြည်တွင်းကူးစက်တာနည်းခဲ့တာပါ။

ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့တဲ့ လူနာတွေနဲ့ နိုင်ငံခြားက ပြန်ဝင်လာပြီး ပိုးတွေ့တဲ့လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စိစစ်ပြီး SARS-COV-2 ရဲ့ မျိုးရိုးဗီဇတခုလုံးကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးစက် (Next Generation Sequencing)နဲ့ လေ့လာခဲ့တာဖြစ်ပါတယ်။

 “မျိုးဗီဇ စစ်ဆေးတဲ့ ၁၀ ခုထဲမှာ ၆ ခုဟာ D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ မေလနောက်ပိုင်းယူတဲ့ နမူနာတွေမှာပဲ ပြောင်းတာကို တွေ့ရပါတယ်” လို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။

ကမ္ဘာတဝန်းမှာလည်း ကိုဗစ်-၁၉ စတင်ကူးစက်တုန်းက D614 မျိုးဗီဇ ကူးစက်တာ ဖြစ်ခဲ့ပေမယ့် ဖေဖော်ဝါရီလလောက်ကစပြီး G614 မျိုးဗီဇ အသွင်ပြောင်းပြီး ကူးစက်ပျံ့နှံ့ခဲ့ တာပါ။

အခုနောက်ပိုင်း ပြည်ပကပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာအများစုမှာ G614 အမျိုးအစားတွေ့ရှိ လာတာကြောင့် အဲ့ဒီပိုးကနေ ပြည်တွင်းကူးစက်မှု ဖြစ်ပွားလာမယ်ဆိုရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေ အထူးသတိထားဖို့ လိုအပ်တယ်လို့ ဆေးသုတေသနဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်းကူးစက်မှု မရှိတာ တလကျော်ကြာပြီးတဲ့နောက်ပိုင်း သြဂုတ် ၁၆ ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တွေ့ခဲ့ရပြီး မျိုးဗီဇကို စစ်ဆေးသွားဖို့လုပ်နေပါတယ်။

သြဂုတ် ၂၀ ရက်နေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၉၆ ယောက်ရှိပြီး ဆေးရုံက ဆင်းခွင့်ရသူ ၃၂၉ ယောက် ရှိပါတယ်။

သတင်း - နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013