
မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်တပ်က လူထုအပေါ်ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂရဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ဆီကို အမှုတွဲပေါင်း ၅၆၀ အထိ ပေးပို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ နောက်ဆုံးရအချက်အလက်တွေအရ ဝန်ကြီးဌာနရဲ့ ကြိုးပမ်းမှုကြောင့် အချက်အလက်ပေါင်း ၂၆,၄၃၀ ခုကို လုံခြုံစွာ ထည့်သွင်းနိုင်ခဲ့သလို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်လောက်တဲ့ အမှုပေါင်း ၆,၃၂၁ မှုကို စိစစ်ပြီးစီးခဲ့ပြီး အမှုတွဲပေါင်း ၅၆၀ ကို IIMM ဆီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် မြေပြင်ကွင်းဆင်းကာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို လျှို့ဝှက်လုံခြုံဆုံး နည်းလမ်းတွေနဲ့ စုဆောင်းခဲ့တာဖြစ်ပြီး၊ ရရှိလာတဲ့ သက်သေတွေကို ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူတွေက စိစစ်အတည်ပြုပြီးနောက် လုံခြုံရေး အားကောင်းတဲ့ UWAZI data storage စနစ်ထဲမှာ သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
IIMM ကို ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်ကတည်းက စတင်ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထားတွေကို စုဆောင်းစိစစ်ကာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။










