DVB Logo
Home
မြန်မာသတင်း
သွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်-၁၉ လူနာ ၈ ဦးကို ကုသပေးနိုင်ခဲ့
DVB
·
August 20, 2020
သွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်-၁၉ လူနာ ၈ ဦးကို ကုသပေးနိုင်ခဲ့
Donate to DVB

ကမ္ဘာတစ်ဝှမ်းကူးစက်မြန်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခဲ့တဲ့ မြန်မာနိုင်ငံက လူနာ ၃၀၀ ကျော်ထဲမှာ ရောဂါလက္ခဏာ ပြင်းထန်စွာခံစားရတဲ့ အတည်ပြုလူနာ ၈ ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့တယ်လို့ သွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ ကုသရေး Ad-hoc အကြံပေးအဖွဲ့မှ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးရဲမြက ပြောပါတယ်။

သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့တဲ့လူနာ ၈ ဦးမှာ အသက် ၇၀ အရွယ် အတည်ပြုလူနာ ၁ ဦး၊ အသက် ၆၀ အရွယ် လူနာ ၆ ဦးနဲ့ အသက်လတ်ပိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးတို့ ပါဝင်ခဲ့ပြီး  အဲ့ဒီအတည်ပြုလူနာ ၈ ဦးထဲက ၄ ဦးကို ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကျန်ရှိတဲ့ ၄ ဦးဟာလည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်တာတွေ ပျောက်ကင်းခဲ့ပြီး နောက်ခံရောဂါတွေကို သက်သာအောင် ဆက်လက်ကုသပေးနေတယ်လို့ ဆိုပါတယ်။

"လူနာတွေအကုန်လုံးဟာ အားလုံးသိကြတဲ့အတိုင်း အဆုတ်ရောင်ပြီး အသက်ရှူခက်ခဲတာ ဖြစ်တယ်လို့ အများစုကသိကြပါတယ်။ ဒါပေမယ့် အဲ့ဒါအပြင် အဲ့ဒီလူနာတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရဲ့ သွေးကြောထဲတစ်လျှောက်ဝင်ရောက်ပြီး သွေးခဲစေတာကြောင့် နှလုံး၊ ကျောက်ကပ် စတဲ့ ခန္ဓာကိုယ်ထဲက သွေးကြောရှိရာ အကုန်ဖျက်ဆီးတာမျိုးတွေရှိတော့ နှလုံးထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေကိုပါ တွေ့ရပါတယ်။ သွေးရည်ကြည်သွင်းကုသတဲ့ လူနာတွေထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် သူက အသက်ငယ်ပေမယ့် ကိုယ်ဝန်နဲ့ဖြစ်တဲ့အပြင် နှလုံးလည်း ထိခိုက်သွားတယ်၊ ဗိုက်ထဲကကလေးကလည်း ၇ လလောက် လမစေ့သေးတော့ တော်တော်ခက်ခဲ ခဲ့ပါတယ်။ နောက်တော့ သေချာစစ်ဆေးပြီး ကလေးကိုခွဲမွေးပေးခဲ့တယ်။ ကလေးလေးက ပေါင်ချိန် ၃ ပေါင်ကျော်ကျော်လေးဖြစ်ပါတယ်။ မိခင်ရော ကလေးရော ကျန်းမာပြီး ဆေးရုံကဆင်းပြီး နယ်ပြန်သွားပြီလည်း ဖြစ်ပါတယ်။ သွေးရည်ကြည်သွင်းကုတဲ့နည်းနဲ့ ကုသတဲ့ လူနာတွေဟာ ရောဂါပြင်းထန်တဲ့ လူနာတွေဖြစ်တဲ့အတွက် ကုသမှုဟာ တော်တော်ခက်ခဲခဲ့ပါတယ်" လို့ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးရဲမြက ပြောပါတယ်။

ဆက်လက်ပြီးလည်း သွေးရည်ကြည်ကုထုံးနဲ့ ကိုဗစ်-၁၉  အတည်ပြုလူနာတွေထဲက ရောဂါပြင်းထန်တဲ့လူနာတွေကို ကုသပေးသွားဖို့ရှိနေပြီး ရောဂါပိုးပြန်လည်ပျောက်ကင်းသွားတဲ့ အတည်ပြုလူနာဟောင်းတွေထံကနေ သွေးရည်ကြည်အလှူခံသွားဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

သတင်း - မေစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013