DVB Logo
Home
Lead Story
အာဏာ မသိမ်းနိုင်တဲ့ အချက် ၁၀ ချက်
DVB
·
August 20, 2020
အာဏာ မသိမ်းနိုင်တဲ့ အချက် ၁၀ ချက်
Donate to DVB

ဒီတလောတဆင့်ကြားရတဲ့ အမင်္ဂလာသတင်းစကားကြောင့် စစ်တပ်က အာဏာသိမ်းမလားလို့ တချို့က စိုးရိမ်ကြပါတယ်။ ပေါ်ကိုလီယာရဲ့ စာတအုပ်မှာ စစ်တပ် အာဏာသိမ်းဖူးတဲ့ နိုင်ငံမှာ နောက်ထပ် စစ်တပ်က အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေဟာ အမြဲရှိနေတယ်လို့ ရေးထားပါတယ်။ မြန်မာပြည်ဟာ စစ်တပ် အာဏာသိမ်းတာ ၂ ကြိမ် (၁၉၆၂၊ ၁၉၈၈) ရှိခဲ့ပါတယ်။

၁၉၈၈ အာဏာသိမ်းမှုဟာ မဆလ ဆိုတဲ့ ဘယ်ဘက် စစ်ဖိနပ်အောက်ကနေ ငြိမ်ပိဆိုတဲ့ ညာဘက် စစ်ဖိနပ်အောက်ကို ပြောင်းသွားတာ ဖြစ်လို့ ၁၉၆၂ ရဲ့ အဆက်လို့ပဲ ယူချင် ရမယ်ထင်ပါတယ်။

၁၉၆၂ အာဏာသိမ်းမှုကတော့ ပါလီမန်ဒီမိုကရေစီ သက်တမ်း ၁၀ နှစ်မှာ တိုင်းရင်းသားအရေး (ဖက်ဒရယ်) ကို အကြောင်းပြပြီး ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကလည်း ၁၀ နှစ်သက်တမ်း ရှိနေပါပြီ၊ ၁၉၆၂ နိုင်ငံရေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှိုင်းယှဉ်စရာ ရှိသလောက် ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ စစ်တပ်က နောက်ထပ် အာဏာမသိမ်းနိုင်တဲ့ အချက်တွေ ရှိပါတယ်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံ

၂၀၀၈ ဖွဲ့စည်းပုံဟာ အရင် စစ်အစိုးရခေတ်က စိတ်ကြိုက်ရေးဆွဲထားပြီးသားဖြစ်တယ်။ အဆက်ဆက် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ နေရာမှာ ဒီထက်ကောင်းတဲ့ ဥပဒေမျိုး ထပ်ရေးဖို့ မဖြစ်နိုင်တော့ဘူး။ အခုအထိ ဒီဥပဒေကို မရမက ပြင်ဆင်ဖို့အထိ ဖိအားကလည်း ရှိမနေသေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံက ရန်တိုက်ပေးထားလို့ အာဏာရ အုပ်စုနဲ့ အာဏာမရ အုပ်စုတွေ အခုချိန်မှာ စိတ်ဝမ်းကွဲနေတာကို ဖွဲ့စည်းပုံ မပြင်ချင်တဲ့ အုပ်စုက အေးဆေးထိုင်ကြည့်နေလို့ရသေးတယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်

အရင် စစ်အစိုးရက သူ့ကို ဘယ်လောက်ပဲ အနိုင်ကျင့်ခဲ့ပါစေ၊ အကြမ်းမဖက်နည်းနဲ့ စစ်တပ်နဲ့ ပြည်သူကြားရင်ကြားစေ့ရေး လမ်းကြောင်းကနေ ဘယ်တော့မှ သွေးဖည်မယ်ပုံမရဘူး။ တခါတလေ မဟာမိတ်ဟောင်းတွေရဲ့ အငြိုအငြင်ကိုပါ ခံရပါတယ်။ပြည်သူလူထု တခဲနက်ထောက်ခံတဲ့ ခေါင်းဆောင်ဟာ စစ်တပ်အပေါ် ဒီလောက် နားလည်မှုပေးနေတာ၊ စေတနာထားတာ စစ်ခေါင်းဆောင်တွေ အတွက် ဆုလာဘ်ပဲ။ ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေကြုံရင်လည်း ဒေါ်စု ရဲ့နောက်မှာ မသိမသာ ပုန်းနေလို့ရသေးတယ်။

၃။ ဂျင်းထည့်မရတဲ့ခေတ်

၁၉၆၂ အာဏာသိမ်းမှုမှာ တိုင်းရင်းသားတွေက ခွဲထွက်ရေးတောင်းနေတယ်လို့ ဗိုလ်ချုပ်နေဝင်းက အကြောင်းပြပါတယ်။ အခု ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေးမဟုတ်မှန်း လူတွေ နားလည်နေကြပါပြီ၊ ၁၉၈၈ အာဏာသိမ်းမှုမှာ ကွန်မြူနစ်တွေကို လက်ငြိုးထိုးပါတယ်။ ဒီနေ့ခေတ်မှာ လက်ညိုးထိုးစရာ ကွန်မြူနစ်လည်း မယ်မယ်ရရ မရှိတော့ပါဘူး။ နိုင်ငံတကာ အခြေအနေကို ကြည့်ရင်လည်း ဒီနေ့ခေတ်ဟာ စစ်တပ် အာဏာသိမ်းတဲ့ စစ်အေးခေတ် မဟုတ်တော့သလို၊ စီးပွားရေး ဇောင်းပေးပြီး နယ်စပ် တည်ငြိမ်းရေးကို ဦးစားပေးတဲ့ တရုတ်အပါအဝင်၊ အိန္ဒိယ၊ အာဆီယံ စတဲ့ အိမ်နီးချင်း နိုင်ငံတွေက လက်ခံတော့မှာ မဟုတ်ပါဘူး။

၄။ တပ်တွင်းအခြေအနေ

တပ်မတော်တွင်းမှာလည်း ခေါင်းဆောင်တဦးဦးက တာဝန်ယူအာဏာသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူး။ လက်ရှိ အစိုးရအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနု လို လူထုထောက်ခံမှု ရရှိနေပေမယ့် လက်ရှိတပ်ထဲမှာ ဘယ်သူမှ ဗိုလ်ချုပ်နေဝင်းလို အစဉ်အလာနဲ့ ထောက်ခံမှုနဲ့ မယှဉ်နိုင်ပါဘူး။ စာဖတ်သူကြီးလည်း အိုနေပြီ။ ဦးနေဝင်း ခေတ်တုန်းက သူ့ ေနာက်မှာ အစဉ်အလာနိုင်ငံရေးသမားတွေ သဘောတရားရေးဆရာတွေ ဝန်းရံခဲ့သလိုမျိုး အခုအခြေအနေမှာ မရနိုင်ပါဘူး။

၅။ ပြည်သူလူထု

ပြည်သူလူထုဟာ နိုင်ငံရေး နှိုးကြားနေတယ်။ သမဂ္ဂတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေလည်း အားကောင်းနေတယ်။ ဒါဟာ ၁၉၆၂၊ ၁၉၈၈ တို့နဲ့ မတူတဲ့ အချက်ပါပဲ။ လက်ရှိထိုင်းအခြေအနေကို ကြည့်ရင် ကျောင်းသားနဲ့ ပြည်သူဟာ စစ်ဗိုလ်ချုပ်ဟောင်း ခေါင်းဆောင်တဲ့ အစိုးရကို သတ္တိရှိရှိ အာခံဆန့်ကျင်နေကြတယ်။ မြန်မာတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရာမှာ ထိုင်းတွေထက် ပိုပြီး စိတ်ဓာတ်ပြင်းထန်ခဲ့တယ်။

၆။ ဆက်သွယ်ရေးခေတ်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာပြည်မှာ စစ်အစိုးရက အင်တာနက်နဲ့ မိုဘိုင်း စနစ်ကို ပိတ်ထားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကမ္ဘာ သိဖြစ်ခဲ့တယ်။ ၂၀၁၀ တဝိုက် ပေါ်ပေါက်ခဲ့တဲ့ အာရတ်နွေဦး လူထုအရေးတော်ပုံတွေဟာ နည်းပညာနဲ့ ဆိုရှယ်မီဒီယာကို အားပြုခဲ့တယ်။ မြန်မာပြည်မှာ အခု လက်ရှိမိုဘိုင်းနဲ့ ဆက်သွယ်ရေးနည်းပညာဟာ အာဏာသိမ်းတဲ့ လူတွေ အတွက် ဘယ်လိုမှ အခွင့်မသာနိုင်ပါဘူး။

၇။ စီးပွားရေး

မှန်အိမ်နဲ့ နေတဲ့လူဟာ တခြားလူရဲ့ အိမ်ကို ခဲနဲ့ မပေါက်ဘူးလို့ အင်္ဂလိပ်စကားရှိတယ်။ အခု စစ်တပ်ပိုင် လုပ်ငန်းတွေ တပ်မိသားစုတွေ အသိုင်းအဝိုင်းတွေ ပိုင်တဲ့ စီးပွားရေး အင်ပါယာဟာ နေရာတကာရှိနေတယ်။ အာဏာအပြောင်းအလဲဖြစ်ရင် အကျိုးစီးပွားတွေ ဘာမှ မသေချာဘူး။ လက်ရှိ သွားနေတဲ့ အတိုင်းကပဲ သူတို့ ပိုင်ဆိုင်မှု ပို အာမခံချက်ရှိ၊ ပိုစိတ်ချရတယ်။ မူဘာရတ်အလွန် အီဂျစ်မှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းတာဟာ ရွေးကောက်ပွဲအပြီး တက်လာတဲ့ မော်စီ အစိုးရဟာ ဘာသာရေး အစွန်းရောက်ရုံမက စစ်တပ်ရဲ့စီးပွားရေးကိုပါ ထိပါးလာတဲ့ အခြေအနေ ရှိလာတာကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ၂ မျိုးစလုံး စိုးရိမ်စရာ မရှိပါဘူး။

၈။ လက်နက်ကိုင်တပ်တွေဖောင်းပွမှု

မြန်မာပြည်မှာ တိုင်းရင်းသားတိုင်း တပ်ဖွဲ့တွေ အသီးသီးရှိကြတယ်။ တချို့တပ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုတွေ အတွင်းမှာ အင်အားကြီးလာပါတယ်။ ပြည်သူ့စစ်တွေ နယ်ခြားစောင့်တပ် အဖွဲ့တွေလည်း ရာနဲ့ချီမယ်။ ပုံမှန် အုပ်ချုပ်ရေး စနစ််(အင်စတီကျူးရှင်း) ပျက်သွားရင် အသစ်တက်လာမယ့် ဘယ်အာဏာသိမ်းခေါင်းဆောင်မှ လက်နက်တွေ ဖောင်းပွနေတဲ့ အခြေအနေကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။

၉။ ၂၀၂၀ ရွေးကောက်ပွဲ

တချို့ ခန့်မှန်းသလို တပါတီတည်းက အစိုးရမဖွဲ့နိုင်ရင် သူတို့အခြေအနေ ပိုကောင်းလာနိုင်တယ်လို့ အာဏာသိမ်းတာကို လိုလားနိုင်တဲ့ စနစ်ဟောင်းက လူတွေ တွက်နေပုံရပါတယ်။ ဒါကြောင့် အာဏာသိမ်းနိုင်ခြေက အခုအချိန်ထက်စာရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး သူတို့ ပိုပြီး စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။

၁၀။ ဖြစ်ခဲ့ရင်

အထက်က ၉ ချက်အရ အာဏာသိမ်းဖို့ မဖြစ်နိုင်ဘူး။ မိုက်မိုက်ကန်းကန်းလူတစုကြောင့် ဖြစ်ခဲ့ရင် အာဏာသိမ်းအုပ်စုဟာ အရင်လို ဖိနှိပ်တဲ့ နည်းနဲ့ အချိန်ဆွဲ အုပ်ချုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာတော့ သေချာပါတယ်။

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013