DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရောက် စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ယူရေး အခက်အခဲကြုံနေ
DVB
·
August 20, 2020
ရန်ကုန်ရောက် စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ယူရေး အခက်အခဲကြုံနေ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA (ရက္ခိုင့်တပ်မတော်) ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရန်ကုန်ရောက်စစ်ဘေးရှောင်ကလေးငယ်တွေ ဟာ ပညာဆက်လက်သင်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က ပြောပါတယ်။

တပ်မတော်နဲ့ AA အကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ် ၇ မြို့နယ်အတွင်းက ကျောင်းသားကျောင်းသူတွေ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဝက်အင်းပေါက်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြပါတယ်။

ခိုလှုံနေကြတဲ့သူတွေထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားဦးရေဟာ ၁၀၁ ဦး ရှိတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားတချိူ့ဟာ သူတို့ထွက်ပြေးလာကြတဲ့ နယ်ခံကျောင်းတွေဆီကနေ ကျောင်းထွက်လက်မှတ်ရယူဖို့ ခက်ခဲနေပြီး၊ လက်ရှိနေထိုင်ရာစခန်းကနေ ကျောင်းတက်နိုင်ဖို့က အလယ်တန်း၊ အထက်တန်း ကျောင်းတွေဟာ ဝေးလံတဲ့နေရာမှာရှိတဲ့အပြင် စာသင်ယူရာမှာလည်း ဘာသာစကား အခက်အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်၊ ညောင်ချောင်းကလေးကျေးရွာကနေ စစ်ရှောင်ထွက်ပြေးလာတဲ့ ၁၀ တန်းကျောင်းသူ မစန္ဒာအေးက “ဆရာမတွေနဲ့က ဗမာစကား မပီလို့ နည်းနည်းခက်တယ်။ စာသင်ရတာ အခုနောက်ပိုင်း အဆင်မ‌ပြေဘူး။ ကျောင်းကိုသွားရတာ ကားနဲ့ပဲ သွားရတာဆိုတော့ ငွေမရှိဘူး။ အဝတ်အစားတွေ မရှိဘူး” လို့ သူရဲ့ အခက်အခဲကို ပြောပါတယ်။

လက်ရှိမှာ အထက်တန်းကျောင်းတွေကိုပြန်ဖွင်တဲ့အချိန်ဖြစ်လို့ စခန်းကနေ ၈ မိုင်နီးပါးမှာ ရှိတဲ့ အထက်တန်းကျောင်းကို တက်ရောက်ပညာသင်ယူကြရတဲ့ အထက်တန်းကျောင်းသားတွေ စုစည်းပြီး တစ်ယောက်ကိုအသွားအပြန် ၁ ထောင်ကျပ်နဲ့ ကားစုငှားပြီး သွားရောက်ကြတယ်လို့ ဦးရင်အောင်က ပြောပါတယ်။

“အလယ်တန်းကျောင်း အဆင်မပြေဘူး။ ဒီအနားမှာက အလယ်တန်းကျောင်း မရှိတော့ ဝေးတဲ့နေရာမှာ ကျောင်းတက်ရမယ်ဆိုတော့ ဒီအတွက် ဘယ်လိုလုပ်ရမလဲမသိဘူး။ ကျနော်တို့အတွက်တော့ အကြီးမားဆုံး အခက်အခဲပါ” လို့ ဆိုပါတယ်။

ကျောင်းသားကျောင်းသူတွေဟာ ပညာသင်ကြားရာမှာ ဘာသာစကားအခက်အခဲအပြင် ခရီးစရိတ်နဲ့ ကျောင်းဝတ်စုံလိုအပ်ချက်တွေ ရှိနေတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောဆိုပါတယ်။

စစ်ရှောင်ထွက်ပြေးလာသူ ဒေါ်ပုံ့ပုံ့သွယ်(စေတနာ လုပ်အားပေးဆရာမ) က “ကျမတို့ နေရာ (ရခိုင်)မှာ ၉ တန်း ၁၀ တန်း ဖွင့်နေပြီ။ ဒီကို (စစ်ဘေးရှောင်) လာတဲ့အတွက်ကြောင့် ကိုယ်နေရာ သွားပြီးတော့ ကျောင်းထွက်လက်မှတ်တွေ သွားမယူနိုင်ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝက်ကြီးအင်းကျေးရွာမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၈၀၀ နီးပါးရှိရာမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ရှိပါတယ်။

Myanmar Institute for Peace and Security (MIPS) အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကလည်း လက်နက်ကိုင်ပဋိပက္ခဒေသက ကျောင်းသားကျောင်းသူတွေနဲ့ ပတ်သက်ပြီး “အခု ကလေးတွေ ကျောင်းမတက်ရဘူး ဖြစ်လာတယ်။ အဲဒီ generation တွေ နောက်ဆုံးစစ်ပွဲတွေ ရပ်သွားပြီးဆိုရင် ကျိုးပဲ့ကန်းတဲ့လူတွ အများကြီး ထောင်နဲ့ချီဖြစ်လာမယ်။ မိုင်းထိတဲ့လူတွေ လက်နက်ကြီးထိတဲ့လူတွေ။ လက်နက်ကိုင်ပဋိပက္ခဆိုတာ ဒီလိုစိတ်ဝေဒနာတွေ အများကြီးပေးခဲ့တာ”လို့ ပြောပါတယ်။

တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ရခိုင်ပြည်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော စတဲ့မြို့နယ်တွေကနေ ရန်ကုန်တိုင်း၊ ဝက်ကြီးအင်းကျေးရွာကို ၂၀၁၉ ခုနှစ် ဩဂုတ်လက စတင်ပြီး အခုချိန်အထိ စစ်ဘေးရှောင် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

တပ်မတော်နဲ့ AA နှစ်ဖက်တပ်အကြား တိုက်ပွဲတွေက ၂၀၁၉ ခုနှစ်မှာ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုခြင်းဆီမှာ စစ်ရှောင်လာသူ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကျောင်းသားကျောင်းသူတွေဖြစ်တယ်လို့ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး(REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။

အလားတူပဲ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ချင်းစစ်ဘေးရှောင် ကျောင်းသား ကျောင်းသူ အရေအတွက်ဟာ ၁၂,၀၀၀ ကျော် ရှိတယ်လို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ပညာရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သြဂုတ် ၁၉ ရက်နေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္တအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြေပြင်မှာ ခံစားနေရတဲ့ ဒေသခံတွေရဲ့ အသံတွေကို အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက နားထောင်ပြီး စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး အမြန်ရရှိအောင် ထည့်သွင်းဆွေနွေးပေးဖို့ စစ်ဘေးရှောင်ပြည်သူတွေက တောင်းဆိုနေပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013