ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၆ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိသဖြင့် ၁ ဦးသေဆုံး
DVB
·
August 20, 2020

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၂/၁ နဲ့ ၂ အကြားမှာ သြဂုတ် ၁၉ ရက်က ကရိန်းပါသည့် ၆ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိရာက အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။
ရွှေတောင်ရွာရဲစခန်း စခန်းမှူးရဲအုပ်ယဉ်ထွေးက "ကရိန်းပါတဲ့ ၆ ဘီးကားပေါ်မှာ ကွန်ကရစ်ဓာတ်တိုင် ၂ တိုင်ပါတယ်။ အစွန်းထွက်နေတဲ့ ကွန်ကရစ်ဓာတ်တိုင်နဲ့ ဆိုင်ကယ်တိုက်မိတယ်။ ဆိုင်ကယ်စီးလာသူ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်" လို့ ပြောပါတယ်။
ဖြစ်စဉ်မှာ မြစ်ငယ်မြို့နယ် ပြင်ကြီးရွာနေ ဘိုသူရမောင်းလာတဲ့ ကရိန်းပါတဲ့ နစ်ဆန်းအမျိုးအစား အဖြူရောင် ၆ ဘီကားဟာ လမ်းကန့်လန့် အနေအထားနဲ့ ရပ်နေပြီး ကွန်ကရစ်ဓာတ်တိုင်တွေ အစွန်းထွက်နေတာပါ။ ကူမဲမြို့ ရွာသာရွာနေ အသက် ၄၃ နှစ်ရှိ မမိုးမိုး စီးလာတဲ့ ဆိုင်ကယ်နဲ့ ဓာတ်တိုင်အစွန်းတို့ တိုက်မိခဲ့ပြီး မမိုးမိုး မှာ မေးစေ့ ဒဏ်ရာရပြီး လမ်းပေါ်ပြုတ်ကျ သေဆုံးခဲ့တာပါ။
ဒေသခံဦးမောင်ကိုက "ကရိန်းကားက ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ဓာတ်တိုင်တွေ စိုက်ထူနေတဲ့ကားပါ။ ဆိုင်ကယ် စီးလာသူနဲ့ ကွန်ကရစ်ဓာတ်တိုင်အစွန်းတို့ တိုက်မိပြီး သေဆုံးသွားတယ် စိတ်မကောင်းစရာပါပဲ"လို့ ပြောပါတယ်။
ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ဘိုသူရအား လမ်းပေါ်မှာ ကန့်လန့်အနေအထားနဲ့ ယာဉ်မဆင်မခြင်ရပ်ထားလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း