DVB Logo
Home
အာရှဒေသ
ကျောက်မီးသွေးတွင်းထဲက ရုန်းမထွက်နိုင်တဲ့ ဘ၀တွေ
DVB
·
June 13, 2013
ကျောက်မီးသွေးတွင်းထဲက ရုန်းမထွက်နိုင်တဲ့ ဘ၀တွေ
1 / 2
Donate to DVB

ကျောက်မီးသွေးတွင်း အလုပ်သမားလေး တာရစ်ခန်းရဲ့ အသက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ မနက် ၅ နာရီဆိုရင် သူ့အလုပ်စပါပြီ။ လေးလံတဲ့ ကျောက်မီးသွေးအိတ်တွေကို သယ်ရပါတယ်။ တနေ့ ၀င်ငွေက ၃ ဒေါ်လာလောက် ရပါတယ်။

"ကျနော်အဖေက အသက် ၆၀ ရှိပြီ။ ကျနော်တို့ ဆင်းရဲကြတယ်။ ငွေကြေး ကျပ်တည်းတယ်။ ဒီမှာအလုပ်လုပ်နေတာ ၃ နှစ်ရှိပါပြီ၊ အဖေနဲ့ မိသားစုကို လုပ်ကျွေးနေတာပေါ့။"

တကယ်တော့ သူ့တို့ မျိုးရိုးစဉ်ဆက်က ကျောက်မီးသွေးတွင်း လုပ်သားတွေပါပဲ။ တခြားလုပ်စရာမရှိတဲ့ ခန်းအလှည့်မှာလည်း အန္တရာယ်များတဲ့ ကျောက်မီးသွေးတွင်းအလုပ်ကိုပဲ လုပ်ရပါတယ်။

ကျောက်မီးသွေးတွင်းက မြေအောက် ၆၀၀ မီတာလောက် နက်ပါတယ်။ လေကောင်းလေသန့် မရနိုင်တဲ့ နေရာပါ၊ လုံခြုံရေးမီးလည်း လူတိုင်းစေ့ မရှိပါဘူး။ အောက်ဆီဂျင်မျက်နှာဖုံးလည်း မ၀တ်ကြပါဘူး။ မတော်တဆဖြစ်ရင် အရေးပေါ် ကုသဖို့ ပစ္စည်းတွေလည်းမရှိပါဘူး။

ပါကစ္စတန်နိုင်ငံ ဘလူချစ်စတန်ခရိုင်ထဲမှာ ကျောက်မီးသွေးတွင်းပေါင်း ၂၅၀  ရှိပြီး လုပ်သားအရေးအတွက်က ၆ သောင်းဝန်းကျင်ရှိပါတယ်။ မနှစ် ဇန်န၀ါရီလမှာ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၈ ယောက် သေဆုံးသွားပါတယ်။ အဲဒီအချိန်မှာ မြေအောက်ကျောက်မီးသွေးတွင်းထဲမှာ အလုပ်သမား ၂၀၀ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း နေရာပေါင်း ၃၀ မှာ မတော်တဆမှုဖြစ်ခဲ့ပြီး လုပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

"ကျနော်တို့နားက မိုင်းတွင်းမှာ လူ ၄၈ ယောက်သေသွားတယ်။ အလောင်းတွေကို မသိမ်းနိုင်တာ ၁ ပတ်လောက်ကြာတယ်။"လို့ ကျောက်မီးသွေးတွင်းလုပ်သား အသက် ၄၀ အရွယ် ခါလစ်ခန်းအာဖရီဒီက ပြောပြပါတယ်။

အာဖရီဒီရဲ့လုပ်သက်က နှစ် ၂၀ ရှိပြီးဆိုတော့ လုပ်ငန်းခွင်ထဲမှာ သေဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိခဲ့ပါတယ်။

"အလောင်းတွေကို ဆွဲထုတ်တော့ အရိုးတွေပဲ ကျန်တော့တယ်။ အားလုံးလောင်ကျွမ်းသွားပြီ။ ကျနော်လည်း ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်တာပေါ့။"

၂၀၁၁ ခုနှစ်မှာ မတော်တဆမှုဖြစ်ပြီးနောက် ခရိုင်အစိုးရက မိုင်းတွင်းလုပ်သားတွေရဲ့ အခြေအနေတွေ တိုးတက်လာဖို့ ဘတ်ဂျက်ခွဲဝေချပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ။၊ အလုပ်သမားတွေရဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွေကို အစိုးရက ပြုလုပ်ခဲ့ပေမယ့် လက်တွေ့မှာ ဘာမှ မထူးသေးပါဘူး။

ကျောက်မီးသွေးတွင်းလုပ်သားတွေဟာ ပျမ်းမျှအလုပ်ချိန် ၁၂ နာရီ အလုပ်လုပ်ကြရပြီး တနေ့ လုပ်အားခက ၅ ဒေါ်လာဝန်းကျင်ပဲ ရကြပါတယ်။ လုပ်အားခ နည်းပေမယ့် အလုပ်သမားတွေအတွက် တခြားရွေးစရာလည်း မရှိပါဘူး။ ဒီလို ဖြစ်ရတဲ့အကြောင်းတွေထဲမှာ ဘလူချစ်စတန် အမျိုးသားရေးဝါဒီတွေနဲ့ ပါကစ္စတန် အစိုးရတို့ကြားမှာ မြေအောက်သယံဇာတွေ ခွဲဝေမှုနဲ့ ပက်သက်လို့ ပဋိပက္ခတွေရှိနေတာလည်း အကြောင်းတရပ် ဖြစ်ပါတယ်။

အဏုဇီဝကျောင်းသား ဖိုင်ဇယ်လ်အီဟတ်က "အလုပ်ရဖို့ လျှောက်တာ အကြိမ်ပေါင်း မနည်းပါဘူး၊ ဒါပေမယ့် အစိုးရပိုင်းနဲ့ အဆက်အသွယ် ကောင်းကောင်းမရှိရင် အလုပ်ကောင်းကောင်းရဖို့က သိပ်ခက်တယ်။ အစိုးရအလုပ် မရနိုင်ဘူး"  လို့ ပြောပြပါတယ်။

သူက နေ့ဘက်မှာ တက္ကသိုလ်တက်ပြီး ညဘက်မှာ မိုင်းတွင်းမှာပဲ အလုပ်ဝင်ပါတယ်။ "ခက်ခက်ခဲခဲ ကျောင်းတက်ရတာပါဗျာ။ တော်တော်များများက ပိုက်ဆံ မတတ်နိုင်တာနဲ့ ၁၀ တန်းလောက်နဲ့ပဲ ကျောင်းထွက်လိုက်တယ်။"

အသက် ၆၂ နှစ်အရွယ် အစ်ဒူ ခါလစ်ကတော့ ကျောက်မီးသွေးတွင်းထဲမှာ နှစ်ပေါင်း ၂၀ လောက် လုပ်ပြီး အခုတော့ ကျန်းမာရေးမကောင်းတော့လို့ လုံခြုံရေးအစောင့်အလုပ်ကို ပြောင်းလုပ်နေရပါတယ်။ ၁ လစာ အမေရိကန်ဒေါ်လာ ၆၀ က စားစရိတ်နဲ့ ဆေးဖိုးနဲ့ပဲ ကုန်ပါတယ်။

"ရောဂါက အခြေအနေဆိုးတော့ အလုပ်မလုပ်နိုင်တော့ဘူး။ အသက်ရှူကျပ်တယ်။ အလုပ်လည်း မလုပ်နိုင်ဘူး။ ရင်ဘတ်ထဲက အောင့်လို့ လမ်းလည်း မလျှောက်နိုင်ဘူး။ ကျနော်ရောဂါကို ဘုရားပဲကုပေးနိုင်မယ်။"

မိုင်းတွင်းတွေက မြို့နဲ့ အလှမ်းဝေးပါတယ်။ တခုခုဖြစ်ရင် အနီးဆုံးဆေးရုံနဲ့ ဆေးခန်းကို ရောက်ဖို့ ၄ နာရီကြာအောင် သွားရပါတယ်။

ဆိုင်းယက် မိုဟာမက် ဟက်စန်းရှားက ကျေးလက်ကျန်းမာရေးဌာနက ဆေးဝါးကျွမ်းကျင်သူပါ။ ဆရာဝန်တွေ မရှိတဲ့အခါ လူနာတွေကို သူပဲကုသပေးနေရပါတယ်။

"ကျောက်မီးသွေးတွင်း အလုပ်သမားတွေက အဆုတ်ရောဂါတွေ ဖြစ်တာများတယ်။ ဆေးလည်း အလုံအလောက်မရှိတော့ ဆေးရုံတွေကို ဆက်ပို့ရတာပေါ့။ သာမန် ထိခိုက်ဒဏ်ရာလောက်ပဲ ကျနော်တို့ဆီမှာ ကုသပေးနိုင်တယ်။"

အသက် ၁၇ အရွယ် ကျောက်မီးသွေးတွင်း အလုပ်သမားလေး တာရစ်ခန်းလည်း ဖြစ်နိုင်ရင် လက်ရှိအလုပ်ကို ဆက်မလုပ်ချင်တော့ဘူးလို့ ပြောပါတယ်။

"လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြတာပါပဲ။ ကျနော်ရည်မှန်းချက်က ဒီနေရာကနေ လွတ်မြောက်ချင်နေတာပါပဲ။ နားချိန်ရှိတဲ့ အခြားအလုပ်တခုကို လုပ်ချင်တယ်။ ငွေနဲ့ ပညာက လူတယောက်ရဲ့ဘ၀ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမယ့် ကျနော်မှာ နှစ်မျိုးစလုံး မရှိဘူး။ ဒါကြောင့် ကျနော်အဖေလိုပဲ ဒီအလုပ်ကိုပဲ မသေမချင်း လုပ်သွားရဦးမှာပေါ့။"

(No Light at the End of the Tunnel for Pakistan’s Coal Miners by Shadi Khan Saif & Mudassar Shah, Baluchistan, Pakistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013