DVB Logo
Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်မလား
DVB
·
June 13, 2013
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်မလား
Donate to DVB

ခုတလော သတင်းမီဒီယာတွေထက်မှာ အထူးတလည် ဖော်ပြနေတဲ့ သတင်းတပုဒ်ကတော့ အမေရိကန်ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူလည်း သမ္မတလုပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းပါ။ ဒီမတိုင်ခင်တုန်းကတော့ နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာရော နောက်ပိုင်း လူထုတွေနဲ့ ထိတွေ့တဲ့အချိန်တွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ သမ္မတ ဖြစ်ချင်တဲ့အကြောင်း ထပ်ကာ ထပ်ကာ အတည်ပြု ပြောဆိုခဲ့ပါသေးတယ်။

ခုဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ တာဝန်ထမ်းဆောင်ချင်တယ်လို့ ထုတ်ဖော် ပြောဆိုသူ ၃ ယောက်ရှိသွားခဲ့ပါပြီ။ သူတို့ ဘာကြောင့် သမ္မတ တာဝန်ယူချင်တယ် ပြောရတာလဲ၊ ဒီလူတွေအထဲကမှ ပြည်သူ့ထောက်ခံမှု အများဆုံးရထားတယ်ဆိုတာ အငြင်းမပွားနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော တကယ် သမ္မတ ဖြစ်လာနိုင်မလား၊ ဒီအတွက် ဘာအချက်အလက်တွေ လိုအပ်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

လက်ရှိ သမ္မတ၊ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အားလုံး သမ္မတဖြစ်ချင်ကြတာဟာ လက်ရှိ အသက်ဝင်ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ပါ။ ဖွဲ့စည်းပုံအရ သမ္မတအဖြစ် တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်အမတ်တွေက ရွေးကောက် တင်မြှောက်ပေးလိုက်သူဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးအားလုံးကို ခန့်အပ်နိုင်ပါတယ်။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်နိုင်ပါတယ်။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ သံတမန်တွေ အားလုံးကိုလည်း ခန့်အပ်နိုင်ပါတယ်။ ပြောရရင် အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် သမ္မတကို ရှင်ဘုရင်တပါးလို အလုံးစုံ အာဏာ အပ်နှင်းထားတာပါ။ ဒါကြောင့် သမ္မတတာဝန် ရယူလိုတယ်လို့ ပြောကြခြင်း ဖြစ်ပါတယ်။

ဒီအထဲကမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုရင် အရင်ဆုံး ကျော်ဖြတ်ရမယ့် အတားအဆီးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတလောင်းရဲ့ အရည်အချင်း သတ်မှတ်ချက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပါအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုသမ္မတလောင်းအဖြစ် အရွေးချယ်ခံနိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြောဆိုနေရတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံကို ပြင်နိုင်ရင် နောက်ထပ် ရင်ဆိုင်ရမယ့်အချက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဥပဒေတွေက ပြဿနာ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်ပြီး ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့မြို့နယ်အဆင့်ဆင့်သော ကော်မရှင်တာဝန်ရှိသူတွေကိုလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ အသေအချာ ပြင်ဆင်ဖွဲ့စည်းထားပါတယ်။ ဒီ ကော်မရှင်အဆင့်ဆင့်ဟာ ၂၀၁၅ မှာ ရွေးကောက်ပွဲကို တရားမျှတအောင် ကျင်းပပေးမလား ဆိုတာ သံသယ ရှိစရာပါ။ နောက်ထပ် အရေးကြီးတာက အရင်စစ်အာဏာရှင်တွေ စိတ်ကြိုက်ပြဋ္ဌာန်းသွားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေနဲ့ ဥပဒေတွေ ကိစ္စ ဖြစ်ပါတယ်။ သဘာဝမကျ၊ တရားမျှတမှုမရှိတဲ့ ဒီဥပဒေနဲ့ နည်းဥပဒေတွေ မပြင်နိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတော်အခွင့်အလမ်း နည်းပါတယ်။ ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူစာရင်း အတိအကျ မရှိတာ၊ ပြည်သူတွေ မဲပေးတာနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတ နည်းတာကလည်း ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အနိုင်ရဖို့ အခက်အခဲ တွေ့စေမယ့် အချက်တွေ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်ခံရဖို့ဆိုရင် ၂၀၁၅ မှာ ပြည်ထောင်စုအဆင့် အမတ်နေရာ အနည်းဆုံး ၃၃၃ နေရာ၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်း အနိုင်ရဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူက ရွေးကောက်တဲ့ အမတ် ၄၉၈ ယောက်နဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ စစ်ဗိုလ်အမတ် ၁၆၆ စုစုပေါင်း အမတ် ၆၆၄ ယောက်ရဲ့ ထက်ဝက်ကျော် အရေအတွက် ရရှိမှာမို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလတုန်းက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ခုအချိန် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အင်အားကောင်းနေပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး ရလာရင် ပိုပြီး အားကောင်းလာနိုင်ပါသေးတယ်။ ဒီအတွက် တိုင်းရင်းသားပါတီတွေကို ပြိုင်ဘက်လို သဘောထားရင် အမတ်နေရာ ၆၇ ရာခိုင်နှုန်းရဖို့ မလွယ်ကူပါဘူး။ ဒီအတွက် ပြည်ထောင်စုပုံစံ မဟာမိတ်ဖွဲ့မှုကို စောစောစီးစီး လုပ်ထားဖို့ လိုပါတယ်။
ဒီအချက်အလက်တွေအားလုံးဟာ ရိုးရိုးရွေးကောက်ပွဲ ပုံစံအတိုင်း တွက်ချက်ထားတာ ဖြစ်ပြီး တကယ်လို့သာ အာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အားကိုးပြီး ပီအာရ်လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည် ဖော်လာရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပိုဝေးသွားစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော် ဆုပ်ကိုင်ခဲ့တဲ့ သူတို့တွေရဲ့ အာဏာ လက်မလွှတ်ရေး အသည်းအသန် ကြိုးစားမှာ ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အများကြီး ကြိုးစားရုန်းကန်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013