DVB Logo
Home
မြန်မာသတင်း
အက်စ်အန်အယ်လ်ဒီနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေး
DVB
·
June 12, 2013
Donate to DVB

ရှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/အက်စ်အက်စ်အေ) က ခေါင်းဆောင်တွေ ရန်ကုန်မှာ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ အစိုးရကို တွန်အားပေးမယ့်နည်းလမ်းတွေကို ဆွေးနွေးကြပါတယ်။

ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတခုနဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ဇွန် ၁၂ ရက်နေ့ နေ့ခင်းပိုင်းက ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

အက်စ်အန်အယ်လ်ဒီရဲ့ ရုံးခန်းမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ အက်စ်အန်အယ်လ်ဒီဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ ဦးစောအောင်၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ ပြောခွင့်ရ စိုင်းလိတ်တို့ တက်ရောက်ခဲ့သလို အာရ်စီအက်စ်အက်စ်/အက်စ်အက်စ်အေဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်၊ အကြံပေး ဦးခွန်စိုင်းတို့ တက်ရောက်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ပေါ်ပေါက်ဖို့အတွက် အက်စ်အန်အယ်လ်ဒီနဲ့ အာရ်စီအက်စ်အက်စ်တို့က အစိုးရကို ပူးပေါင်းတိုက်တွန်းမယ့် နည်းလမ်းတွေ အပါအ၀င် အဓိကအချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အက်စ်အန်အယ်လ်ဒီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲမပေါ်ပေါက်ဘဲနဲ့ အပစ်အခတ်ရပ်စဲထားတာက ရေရှည်ခိုင်မြဲမှာ မဟုတ်ဘူး။ တဖက်နဲ့တဖက် ယုံကြည်မှုမရှိနိုင်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲစပြီဆိုတာနဲ့ ယုံကြည်မှု တိုးမြှင့်လာမယ်၊ ငြိမ်းချမ်းရေးလည်း ခိုင်မြဲလာမယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲ အမြန်ပေါ်ဖို့ တိုက်တွန်းဖို့ လိုအပ်တယ်လို့ ဆွေးနွေးဖြစ်တယ်။ နောက် ၂၀၁၄ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ရင် နိုင်ငံခြားရောက်နေတဲ့ ရှမ်းပြည်သားတွေ ပြန်လာနိုင်အောင်၊ အခွန်အခကင်းပြီး ပြန်လာနိုင်ဖို့နဲ့ သန်းခေါင်စာရင်းတွေမှာ နာမည်တွေ မှန်မှန်ကန်ကန် ထည့်နိုင်ဖို့၊ မှတ်ပုံတင်မရှိသေးသူတွေကို ကူညီလုပ်ဆောင်ပေးနိုင်ဖို့ ဆွေးနွေးကြတယ်။ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကျဉ်းသားတွေအကုန် လွတ်မြောက်လာဖို့ ၀ိုင်းကြိုးပမ်းကြဖို့ အချက် ၃ ချက် အဓိက ဆွေးနွေးကြတယ်။”

ဒါ့အပြင် ရှမ်းနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို ဆွေးနွေးခဲ့ကြပြီး အာရ်စီအက်စ်အက်စ်က အကျဉ်းသား ၃၆ ဦး ကျန်နေသလို ရှမ်းပြည်မြောက်ပိုင်းက ၄ ဦး အကျဉ်းကျခံနေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အလားအလာကိုတော့ ဦးစိုင်းလိတ်က “အာရ်စီအက်စ်အက်စ်နဲ့ အက်စ်အန်အယ်လ်ဒီ ပထမဆုံး တွေ့ကြတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီနဲ့ လုပ်နည်းလုပ်ဟန်မတူပေမယ့် နိုင်ငံရေးခံယူချက် အတော်နီးစပ်တယ်။ အားလုံးက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့၊ ဒါကိုပဲ လုံးပမ်းနေကြတာဆိုတော့ တူတဲ့နေရာ တွဲလုပ်မယ်၊ မတူတဲ့နေရာ ညှိနှိုင်းရမယ်။ ညှိနှိုင်းနိုင်ဖို့က ဒီလိုတွေ့ဆုံဆွေးနွေးဖို့က အရေးကြီးတယ်လေ။ တွေ့ဆုံဆွေးနွေးတဲ့အခါ တဖက်နဲ့ တဖက် နားလည်မှု ပိုရလာမယ်။ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်။ နိုင်ငံရေးမှာ မတူတာညှိဖို့က တွေ့ဆုံဆွေးနွေးမှုက လိုအပ်တယ်၊ ဒီလိုတွေ့ဆုံဆွေးနွေးခွင့်ရတာကို ၀မ်းသာတယ်။”
ဒုဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး ဒီဆွေးနွေးပွဲမတိုင်ခင်က သမ္မတဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013