DVB Logo
Home
မေးမြန်းခန်း
တိုင်းရင်းသားမဟာမိတ်ပါတီတခု ထူထောင်ရန် ဆုံးဖြတ်
DVB
·
June 12, 2013
တိုင်းရင်းသားမဟာမိတ်ပါတီတခု ထူထောင်ရန် ဆုံးဖြတ်
Donate to DVB

ညီနောင်တိုင်းရင်းသားပါတီ ၁၅ ခုက ခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဇွန် ၁၁ ရက်နေ့က တွေ့ဆုံကြပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်ဖို့အတွက် တိုင်းရင်းသားမဟာမိတ်ပါတီတခု ထူထောင်ဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

“ဖက်ဒရယ်ယူနီယံပါတီ” လို့ အမည်ပေးလိုက်တဲ့ အဲဒီပါတီသစ်ဟာ လက်ရှိ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ သီးခြားကင်းလွတ်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဥပဒေအရ ရှိထားနှင့်ပြီးသားပါတီတွေ တခုနဲ့ တခု ပူးပေါင်းရင် နဂိုရှိရင်းစွဲပါတီကို ဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ရှိထားနှင့်တဲ့ ပါတီတွေထဲက ပါတီဝင်တချို့ နုတ်ထွက်ပြီး ထူထောင်ဖွယ် ရှိနေပါတယ်။

အဲဒီအစည်းအဝေးကို တက်နေတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက လွှတ်တော်တွေမှာ တိုင်းရင်းသားအမတ် ဦးရေ တိုးလာစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးဆုံးဖြတ်ချက်လေးတွေ ပြောပြပါ။

[caption id="attachment_40520" align="alignright" width="150" caption="ဦးဦးလှစော"][/caption]

“မနေ့က ထုတ်ပြန်ကြေညာချက်၊ အချက်အလက်တွေ ပြင်ဆင်ကြတယ်။ မနေ့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေက တိုင်းရင်းသားတွေအနေနဲ့ ၂၀၁၅ အတွက် ဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ပါတီက ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အဲလိုဒေသတွေ.ပြည်မတွေမှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ၀င်ပြိုင်မယ့် ပါတီပေါ့။ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကတော့ ဒီအတိုင်း ရှိနေမယ်။ အဲပါတီတွေက ပြည်နယ်တွေမှာ ၀င်ပြိုင်မယ်။ ဖက်ဒရယ်ယူနီယံပါတီကျတော့ ပြည်မမှာ တိုင်းရင်းသားတွေကိုယ်စားပြုပြီး ၀င်ပြိုင်မယ်။ ပါတီထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။”

မနေ့က ပါတီ ၁၅ ပါတီလုံးတွေ့တာ၊ ၁၅ ပါတီလုံး သဘောတူတာလား။ ကန့်ကွက်သူရှိသေးလား။ ဒါက အန်အယ်လ်ဒီ၊ တစညတို့နဲ့ ကြံ့ခိုင်ရေးပါတီကြီးတွေကို ပြိုင်ဖို့လား။

“ကန့်ကွက်တဲ့ပါတီတော့ မရှိပါဘူး။ ဟုတ်ကဲ့ပါ။ ကျနော်တို့ ရည်ရွယ်ချက်က ပြည်မမှာလည်း ရန်ကုန်တို့ ဧရာဝတီတိုင်းတို့မှာလည်း တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပါတီတွေ ရှိတယ်။ အဲတော့ သူတို့ကို ကိုယ်စားပြုပြီး ၀င်ပြိုင်ရင် တိုင်းရင်းသားပြည်သူတွေရဲ့အသံက ပိုထွက်လာမယ်။ လွှတ်တော်ထဲမှာလည်း အမတ်နေရာတွေ ပိုရလာမယ်ဆိုရင် ကျနော်တို့အနေနဲ့ တိုင်းရင်းသားအင်အားကြီးတခု ပေါ်လာနိုင်တယ်။ မြန်မာပြည်နိုင်ငံရေးမှာ မြန်မာပြည်က ပါတီကြီးတွေ. အာဏာရပါတီတွေရော၊ အာဏာလက်လွှတ်ပါတီတွေရော၊ ပါတီအသစ်တွေ၊ အန်အယ်လ်ဒီလို၊ ကြံ့ခိုင်ရေးလိုပါတီတွေကပဲ လွှတ်တော်ကိုကြီးစိုးတယ်ဆိုတဲ့ အနေအထားမျိုးကို balance ဖြစ်အောင် တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အင်အားစုကြီးတရပ် ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။”

ပြည်နယ် ၈ ပြည်နယ်ဆိုတဲ့ သတင်းတွေလဲ ကြားတယ်။ အဲကိစ္စရော ဆွေးနွေးဖြစ်သေးလား။ နောက် ဒီနေ့ ဆွေးနွေးမှုမှာရော ဘာတွေဆွေးနွေးသဘောတူညီကြလဲ။

“ဒီဆွေးနွေးပွဲမှာတော့ ၈ ပြည်နယ်ကိစ္စလုံးဝမပါပါဘူး။ မနက်ပိုင်းမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီးတော့ ဘာတွေပြင်ဆင်မလဲ၊ ဖြည့်စွက်မလဲဆိုတာကို ဇူလိုင်မှာ အန်ဘီအက်ဖ် (ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း) က ကြီးမှူးပြီးလုပ်ပါမယ်။ နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရရဲ့ အနေအထား။ နောက် ရှမ်း၊ ကချင်၊ ကယန်း ပတ်သက်ရာပတ်သက်ကြောင်း နယ်မြေအနေအထားတွေ၊ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) ရဲ့ အနေအထားတွေ သုံးသပ်ကြပါတယ်။”

ဖက်ဒရယ်ယူနီယံပါတီဖွဲ့စည်းလိုက်တဲ့အခါ ပီအာရ်ကိစ္စပါ ဖြေရှင်းပြီးဖြစ်တယ်ပေါ့။ အဲသဘောလား။

“ပီအာရ်နဲ့ ပတ်သက်လို့ ကြေညာချက်မှာလည်း ပါပါတယ်။ ပီအာရ်နဲ့ ပတ်သက်လို့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ နိုင်ငံရေးအရ ရှင်သန်မှုကို ပိတ်ဆို့ဟန့်တားသလို ဖြစ်နေလို့ တိုင်းရင်းသားဒေသတွေမှာ ပီအာရ်စနစ်ကျင့်သုံးဖို့ဆိုတာကို ကန့်ကွက်ပါတယ်။”

အသစ်ပေါ်လာမယ့် ဖက်ဒရယ်ယူနီယံက သူ့ရဲ့ အဓိက ရည်မှန်းချက်မူဝါဒက ဘာတွေ ဦးစားပေးလဲ။

“ဖက်ဒရယ်ယူနီယံက တိုင်းရင်းသား အင်အားစုတွေပေါ့။ မြန်မာပြည်အနှံ့မှာရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့အသံကို ကိုယ်စားပြုမယ်။ လွှတ်တော်ထဲကို တိုင်းရင်းသားတွေ များများရောက်နိုင်အောင်။ တိုင်းရင်းသားတွေရဲ့ ပန်းတိုင်ဆိုတာကလဲ မြန်မာပြည်မှာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် တွန်းအားပေးမယ်ပေါ့။ အင်အားစုတရပ် ပိုမိုခိုင်မာလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်ယူနီယံပါတီကို တည်ထောင်တာ ဖြစ်ပါတယ်။”

အခု တိုင်းရင်းသားတွေ စုပေါင်းတွေ့ဆုံပွဲက မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေ၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်မှုတွေအပေါ်မှာ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်လဲ။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ကြလဲ။

“ဆုံးဖြတ်တာက ကြေညာချက်ထဲမှာ ပါပါလိမ့်မယ်။ ပီအာရ်စနစ်လည်းပါတယ်၊ ပြည်ထောင်စုကြီး ညီလာခံခေါ်ဖို့အတွက် နှိုးဆော်တိုက်တွန်းတာလည်း ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စလည်း ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ မတော်မတရားဖြစ်နေတဲ့ကိစ္စတွေလည်း ဖွင့်ပြောထားတာ ပါပါတယ်။ ၂ ရက်အတွင်း ဆွေးနွေးရတယ်ဆိုတော့ ထောင့်စေ့အချိန်မပေးနိုင်ပေမယ့် တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ကြပါတယ်။”

ဝ ပြည်နယ်တောင်းတာကို ဆွေးနွေးဖြစ်သေးလား။

“၀ပြည်နယ် ကိစ္စကတော့ ကျနော်တို့ မဆွေးနွေးဖြစ်ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013