DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့သူကို ထောင်ဒဏ် ၂၆ နှစ်ချမှတ်
DVB
·
June 12, 2013
လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့သူကို ထောင်ဒဏ် ၂၆ နှစ်ချမှတ်
Donate to DVB

ပြီးခဲ့တဲ့မေလကုန်ပိုင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပြဿနာအစဖြစ်တဲ့ အမျိုးသမီးတဦးကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ ဦးနေ၀င်း ထောင်ဒဏ် ၂၆  နှစ် ချမှတ်ခံခဲ့ရပါတယ်။

မေလ ၂၈ ရက်နေ့က လားရှိုးမြို့ အမှတ် ၈ ရပ်ကွက်ထဲမှာ ဓာတ်ဆီရောင်းတဲ့ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တဲ့ ဦးနေ၀င်းကို လားရှိုးမြို့နယ်တရားရုံးက ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြစ်ဒဏ်ချမှတ်လိုက်တာလို့ လားရှိုးမြို့ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_40515" align="alignright" width="300" caption="ဒေါ်အေးအေးဝင်းကို လားရှိုးဆေးရုံပေါ်တွင် တွေ့ရစဉ်က"][/caption]

“မီးရှို့မှုရယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့တာရယ်၊ မူးယစ်ဆေး သုံးစွဲတာရယ် အဲဒါတွေနဲ့ ထောင်ဒဏ် ၂၆ နှစ် ချလိုက်တယ်။ စိတ်ရောဂါမရှိပါဘူး။ သူက မခံချင်တာပေါ့။ သူ့ကို ဘာလို့ကြည့်တာလဲပေါ့။ ဒီဆိုင်ရှေ့မှာ ဘာလို့ ခဏခဏ လျှောက်တာလဲ၊ တုတ်နဲ့ရိုက်မယ်ဘာညာနဲ့ အဲဒီကနေပြီး ပဋိပက္ခတွေဖြစ်ပြီး ဒေါသအလျောက် လုပ်လိုက်တာပေါ့။ ပုဂ္ဂိုလ်ရေးဖြစ်တာလို့ပဲ ကျနော် ပြောချင်ပါတယ်။ ”

ဓာတ်ဆီလောင်းမီးရှို့ခံရသူ မအေးအေးဝင်းကတော့ မီးလောင်ဒဏ်ရာတွေကို ပလပ်စတစ်ဆာဂျရီနည်းနဲ့ ကုသဖို့အတွက် ဒီကနေ့မနက်ဘဲ လားရှိုးကနေ မန္တလေးမြို့ကို ထွက်ခွာသွားပြီလို့  မိသားစုဝင်တဦးက ပြောပါတယ်။

စစ်ဆေးချက်တွေအရ ကျိုင်းတုံမြို့နယ်က  နိုင်ငံသားကတ်ကိုင်ဆောင်သူ ဦးနေ၀င်းဟာ စိတ်မနှံ့သူ မဟုတ်ဘဲ ဒေါ်အေးအေးဝင်းကို ဒေါသအလျောက် မီးရှို့ခဲ့တာဖြစ်ပြီး  လူမျိုးရေး၊ ဘာသာရေးတွေနဲ့လည်း  မသက်ဆိုင်ဘူးလို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဆူပူသူ လူတစုက အစ္စလာမ်ဘာသာဝင်တို့ ၀တ်ပြုရာဗလီနဲ့ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့အတွက် ဒီကိစ္စမှာ ပါဝင်ပတ်သက်သူလို့ ယူဆရတဲ့ လူပေါင်း ၆၀ ကျော်ကို ဆက်လက်အရေးယူဖို့ စိစစ်နေကြောင်း၊ စစ်ဆေးပြီး ဆူပူမှုမှာ မသက်ဆိုင်ဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် လားရှိုးဆူပူမှုမှာ ပါဝင်တယ်လို့ ယူဆရသူ ၁၄ ဦးကို မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးနေတယ်လို့ ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။

လားရှိုးမှာ အခု အခြေအနေတွေ တည်ငြိမ်နေပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ အေးအေးဆေးဆေးနဲ့ ပုံမှန်သွားလာ ရောင်းဝယ်ဖောက်ကားနေကြောင်း၊ ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေကို လုံးဝ ရုပ်သိမ်းတာ မရှိသေးပေမယ့် သွားလာခွင့်အချိန်ကို  ည ၁၀ နာရီ ကနေ မနက် ၃ နာရီထိ ဖြေလျော့လိုက်ပြီး လုံးဝရုပ်သိမ်းဖို့လည်း အစီအစဉ်ရှိတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မေလ ၂၈ ရက်ကနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် လားရှိုး မန်ဆူကျောင်းတိုက်မှာ ၀င်ရောက်ခိုလှုံနေကြတဲ့ ပြည်သူပေါင်း ၁၀၀၀ ကျော်လည်း အိမ်ပြန်ကုန်ပြီလို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

မေ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013