DVB Logo
Home
အာရှဒေသ
အမျိုးသမီးမောင်းတဲ့ အမျိုးသမီးသီးသန့် တက္ကစီ
DVB
·
June 12, 2013
အမျိုးသမီးမောင်းတဲ့ အမျိုးသမီးသီးသန့် တက္ကစီ
Donate to DVB

တက္ကစီမောင်းတဲ့ အသက် ၂၁ နှစ်အရွယ် ချန်ဒီးတယောက် အပြာရောင်ယူနီဖောင်းနဲ့ ကားဂိတ်မှာ ရပ်နေပါတယ်။ ပထမဆုံး ကားငှားမယ့် ခရီးသည်လာရင် လိုက်ပို့ဖို့ ပြင်နေပါတယ်။

အိန္ဒိယမှာ အငှားကားမောင်းတဲ့အမျိုးသမီးတွေ အရေအတွက်အနည်းငယ်သာ ရှိတဲ့အထဲမှာ ချန်ဒီးကလည်း တယောက်ပါ၊ အိန္ဒိယလူ့အဖွဲ့အစည်းမှာ ကျား၊ မခွဲခြားတဲ့ ယဉ်ကျေးမှုကို ဖောက်ထွက်မယ်လို့ ဆိုပါတယ်၊

"လူတွေက အမျိုးသားနဲ့ အမျိုးသမီး အလုပ်ချင်း မတူဘူးလို့ အမြဲတမ်းပြောကြတယ်လေ။ အချက်အပြုတ်နဲ့ အချုပ်အလုပ်ဆိုတာက မိန်းမတွေရဲ့အလုပ်။ ကားမောင်းတာနဲ့ ပိုက်ပြင်တဲ့အလုပ်က ယောကျာ်းတွေရဲ့အလုပ်လို့ ထင်နေကြတယ်။"

သူရဲ့ကားဖြူလေးမှာ စာတမ်းလေးလည်း ကပ်ထားသေးတယ်။ "မိန်းကလေးများအတွက် သီးသန့်၊ မိန်းကလေး မောင်းတဲ့ကား" တဲ့။

အမျိုးသမီးတွေအတွက် သီးသန့် အငှားကားဝန်ဆောင်မှုကို အဇက်ဒ်(Azad) ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ စခါ (Sakha) အန်ဂျီအိုအဖွဲ့က စီစဉ်ထားပါတယ်။ အမျိုးသမီးတွေရဲ့လုံခြုံရေးကိစ္စဟာ အိန္ဒိယမှာ လူပြောအများဆုံးကိစ္စ ဖြစ်လာတဲ့အချိန်မှာ အမျိုးသမီးသီးသန့် အငှားကားတွေလည်း အချိန်ကိုက်ပေါ်လာတာပါ။ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ ခရီးသွားရင်း လုံခြုံမှုအာမခံချက် ရှိလာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။

စခါအဖွဲ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ နိန်းတာရာ ဂျနာဒန်းက "တဖက်မှာ  ဆင်းရဲသားရပ်ကွက်မှာနေတဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့အနေနဲ့ သင်တန်းတွေ ပေးတယ်" လို့ ပြောပါတယ်။

"တဖက်မှာလည်း ၀န်ဆောင်မှုကို အသုံးပြုနေတဲ့  လူလတ်တန်းစားအမျိုးသမီးတွေကို အားဖြည့်ပေးတဲ့ သဘောပါ။"

တချိန်တည်းမှာ အမျိုးသမီးတွေအပေါ် ရာဇ၀တ်မှုကျူးလွန်တာတွေကိုလည်း အငှားကားတွေက စောင့်ကြည့်နေတယ်လို့ ဂျနာဒန်း က ဆိုတယ်။

ဒီဇင်ဘာလအတွင်းက ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့ အမှုပေါ်ပေါက်ခဲ့တဲ့အတွက် အိန္ဒိယတနိုင်ငံလုံး ဒေါသူပုန်ထခဲ့ကြပါတယ်။ အမျိုသမီးတွေ ဘ၀လုံခြုံရေးအတွက် တောင်းဆိုသံတွေလည်း ကျယ်ပြန့်လာပါတယ်။

မိနစ် ၂၀ တိုင်းမှာ အမျိုးသမီးတယောက် အဓမ္မပြုကျင့်ခံရတဲ့ နယူးဒေလီမြို့ကိုလည်း မုဒိမ်းမြို့တော်လို့တောင် နာမည်ပျက်နေပါပြီ။ ဒီအဖြစ်အပျက်ကို အကြောင်းပြုလို့ တက္ကစီတွေ လိုအပ်ချက်ကလည်း အရင်ထက် ပိုများလာတယ်လို့ ဂျနာဒန်းက ပြောပြပါတယ်။

"အမျိုးသမီးတွေအတွက် သီးသန့်တက္ကစီ ရှိသင့်တယ်လို့ တော်တော်များများက တင်ပြလာကြတယ်။ ပိုပြီး စိတ်ဝင်စားစရာ မှတ်တမ်းတင်ရမယ့်ကိစ္စက အမျိုးသမီးတွေအတွက် သီးသန့်တက္ကစီလိုင်းကို ထောင်ဖို့ ကျမတို့ ဘယ်လို အကူအညီပေးမလဲဆိုတာကို တခြား နိုင်ငံတွေက လူတွေကလည်း တယ်လီဖုန်းနဲ့ လှမ်းမေးခဲ့ကြတယ်။"

ချန်ဒီး တို့လို အမျိုးသမီးကားဒရိုင်ဘာတွေကတော့ ဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်၊ တချိန်တည်းမှာ သူတို့အတွက် အန္တရာယ်တွေလည်း ရှိနေပါတယ်လို့ ပြောပြပါတယ်။

"အမျိုးသမီးမောင်းတဲ့ အငှားကားမှန်းသိတာနဲ့ ကားသမားတွေက ချက်ချင်းပဲ ကားဟွန်းတီးပြီး ကျော်တက်တော့တာပဲ။ ကားဂိတ်မှာ ကားထိုးပြီး နားနေတာကို တွေ့ရင်လည်း သူတို့က ကျမတို့ကားနားကို လာပြီးတော့ ပြူးပြဲပြီး ကြည့်နေတာများ ကျမတို့ကို တခြားဂြိုဟ်က လာတာကျနေတာပဲ၊ တမှေးလေးတောင် အနားမရပါဘူး။"

Sakha အန်ဂျီအိုအဖွဲ့က ထောင်ထားတဲ့ ကားလိုင်းမှာ ကားမောင်းတဲ့ အမျိုးသမီး ၁၀ ယောက်ကို စနစ်တကျ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးပြီးမှ ခန့်ထားတာပါ။ နောက်ထပ်လည်း သင်တန်းတွေ ဆက်ပေးနေပါတယ်။ သင်တန်းမှာ ကားမောင်းနည်း တမျိုးတည်း မကပါဘူး။ ကျား-မ တန်းတူရေးကိစ္စ၊ အမျိုးသမီးအခွင့်အရေး၊ လူမှုဆက်ဆံရေး အရည်အချင်းနဲ့ ကိုယ်ခံပညာတွေကိုလည်း သင်တန်းမှာ သင်ကြားပေးပါတယ်။

ကားဒရိုင်ဘာ ရီတာဆိုတဲ့အမျိုးသမီးကလည်း သင်တန်းတက်ပြီးကတည်းက မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးသွားတယ်လို့ ဆိုပါတယ်။ သူက ၁၃ နှစ်အရွယ်မှာ အိမ်နီးချင်းတယောက်နဲ့ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ရေးအဆင်မပြေတာနဲ့ အခုတော့ တကိုယ်တည်း ရပ်တည်နေပါတယ်။

"အသက် ၁၃ နှစ်ဆိုတာ အိမ်ထောင်ရေးအကြောင်း ဘာသိမှာလဲ။ ဘယ်သူမှလည်း ကျမကို မမေးကြဘူး၊ မေးလည်း ဒီလောက် ငယ်တဲ့အရွယ်မှာ ဘာသိမှာလဲ။"

အခုတော့ အငှားကား မောင်းရင်းနဲ့ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ် ရပ်တည်နိုင်နေပြီလို့ ရီတာက ဆိုပါတယ်။

သင်တန်းကာလမှာ ဘ၀တခုလုံး ပြောင်းလဲသွားစေတဲ့ အတွေ့အကြုံပဲလို့ဆိုသူက သင်တန်းဆရာ ရာကက် ကူးမားပါ။ အစဉ်အလာအရ အမျိုးသားတွေပဲ လုပ်ကိုင်လာတဲ့အလုပ်မျိုးမှာ အမျိုးသမီးတွေ လုပ်နိုင်မယ်လို့ မထင်ဘူးလို့ သူက အစပိုင်းမှာ ထင်ခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။

"တဖြည်းဖြည်းနဲ ကျနော်မှာ အရိုးစွဲနေတဲ့ စိတ်ဓာတ်ကြောင့် ဒီလို အမြင်ရှိတယ်ဆိုတာကို သိလာတယ်။ တကယ့် အခြေအနေတွေအပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်တဲ့အခါ အမြင်တွေလည်း အားလုံး ပြောင်းလဲသွားတယ်။"

အခုတော့ Sakha အဖွဲ့က လုပ်ငန်းကို တိုးချဲ့ဖို့ စီစဉ်နေသလို ဒေလီမြို့က လူထုပို့ဆောင်ရေး လုပ်ငန်းတွေအားလုံးမှာ အမျိုးသမီးတွေအတွက် အလုပ်နေရာ ဖန်တီးပေးဖို့ကိုလည်း အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။

ချန်ဒီးတို့လို ကားဒရိုင်ဘာတွေကလည်း တက္ကစီဒရိုင်ဘာ ဘ၀ကနေ လိုင်းကားဒရိုင်ဘာကို တက်မောင်းဖို့အထိ ဆန္ဒပြင်းပြနေပါတယ်။ ဒေလီမြို့တော်ကိုလည်း အမျိုးသမီးတွေအတွက် ဘေးကင်းတဲ့မြို့တော် အဖြစ် သူတို့က ပြောင်းလဲချင်နေကြပါတယ်။

အမျိုးသား ကားဒရိုင်ဘာတွေဟာ အမျိုးသမီးတွေကို ဂရုမစိုက်ဘူးလို့ ချန်ဒီးက ဆိုပါတယ်။

"အကယ်၍ ကားမောင်းတဲ့လူက ကျမတို့ အမျိုးသမီးတွေဆိုရင် ဒီလို ဖြစ်မှာမဟုတ်ဘူး။ မကြာခင်မှာ အခြေအနေတွေအားလုံး သိသိသာသာ ပြောင်းလဲသွားတာကို မြင်ရတော့မှာပါ။"

(India’s First Female Taxi Service by Bismillah Geelani, New Delhi, India)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013