DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တနိုင်တပိုင် ကျောက်တူးသူ ၂၀၀ ကျော် အဖမ်းခံရ
DVB
·
June 11, 2013
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တနိုင်တပိုင် ကျောက်တူးနေသူတွေကို ရဲနဲ့စစ်တပ်က  ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

ဖားကန့်ဒေသ ဆိတ်မူကျေးရွာအုပ်စုထဲမှာရှိတဲ့ မှော်တွေထဲကို တိုက်ခိုက်ရေးရဲနဲ့ စစ်တပ် စုစုပေါင်းအင်အား ၃၀ ကျော်က ဒီကနေ့မနက် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ဒေါင်းကော့၊ ဟင်းတင့်၊ ကရင်ချောင်နဲ့၊ ကောင်စံ  စတဲ့ မှော်တွင်းက တနိုင်တပိုင် ကျောက်တူးသူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“အယောက် ၂၀၀ ကျော်ကို မနက် ၈ နာရီလောက်ကနေစပြီး တိုက်ခိုက်ရေးရဲနဲ့ စစ်တပ် ပေါင်းပြီး ၁၂ နာရီကျော်လောက်မှာ ဖားကန့်မြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားတာ ကားကြီးတွေနဲ့။ နေ့တိုင်း အခုလို လုပ်နေတော့ စားဝတ်နေရေး အင်မတန်မှ ကျပ်တည်းလာနိုင်တယ်။ လယ်ယာကိုင်းကျွန်းလုပ်တဲ့သူကလည်း ကျောက်စိမ်းကို အခြေခံပြီးမှ အမှီသဟဲ ပြုနေကြတာပဲ။”

မိုးတွင်းကာလ ဘေးအန္တရာယ်တားဆီးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဖားကန့်ဒေသ ကျောက်တူးလုပ်ငန်းကို ဆိုင်းငံ့ထားဖို့ သတ္တုတွင်းဝန်ကြီးဌာနက မနှစ် ဇွန်လကစပြီး အမိန့်ထုတ်ထားတဲ့နောက်ပိုင်း တနိုင်တပိုင် ကျောက်တူးသူတွေကို စစ်တပ်နဲ့ ရဲက မကြာခဏဖမ်း ဆီးလေ့ရှိပေမယ့် ဒီကနေ့ ဖမ်းဆီးမှုကတော့ အများဆုံးဖြစ်ပါတယ်။

ဖားကန့်မှာ နေထိုင်တဲ့ ဒေသခံ ၇၀ ရာခိုင်နှုန်းက ဒီကျောက်တွင်းလုပ်ငန်းကိုပဲ အမှီပြု လုပ်ကိုင်စားသောက်နေရတဲ့အတွက် ဖမ်းဆီးမှုတွေကြားက ရွေးစရာလမ်းမရှိဘဲ လုပ်နေရကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဒီကနေ့ရက်စွဲနဲ့ စာတစောင် ပေးပို့ခဲ့တယ်လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးမြင့်မောင်က “အဓိက နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို တကယ်အလေးထားတယ်ဆိုရင် လက်လုပ်လက်စားလေးတွေ သူ့ဟာသူ တနိုင်တပိုင် တူးစားတာတွေကို မဖမ်းဆီးဖို့၊ ဖမ်းဆီးမယ်ဆိုရင်လည်း မသွားရနယ်မြေလေးတွေ ကန့်သတ်ပေးဖို့၊ အခုက အကြောင်းမကြား ဘာမကြားနဲ့ ဖမ်းဆီးတာကို ကျနော်တို့က ပြောပေးတာပါ။ ရွေးကောက်ပွဲကော်မရှင်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ၊ အထွေထွေအုပ်ချုပ်ဦးစီးရေးဌာန အဲဒါတွေကို အကျိုးအကြောင်း တင်ပြထားတာပါ။”
ဖားကန့်ဒေသတ၀ိုက်မှာ ကျောက်စိမ်းမှော်ပေါင်း ၁၀၀ ကျော်ရှိပြီး ဒေသခံတွေအပြင် မြန်မာပြည်အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင်နေတဲ့ သူတွေလည်း သောင်းချီရှိတာပါ။  ကျောက်တူးသူတွေဟာ မှော်ထဲမှာ ဖမ်းဆီးခံရမှုတွေအပြင် မိုးတွင်းကာလမှာ ကျောက်တွင်းပြိုကျမှုကြောင့် ထိခိုက် သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013