DVB Logo
Home
ကျန်းမာရေး
အဝလွန်ကလေးများအတွက် အသက်အရွယ်အလိုက် ဝိတ်ချနည်း
DVB
·
August 16, 2020
အဝလွန်ကလေးများအတွက် အသက်အရွယ်အလိုက် ဝိတ်ချနည်း
Donate to DVB

ကလေးတစ်ယောက် ဝနေတာမြင်ရင် “ဟယ် ကလေးလေးက ဝဝ ကစ်ကစ်လေး။ ချစ်ဖို့ကောင်းလိုက်တာ” လို့ ပြောဖြစ်တတ်ကြတယ်။ တကယ်တော့ ကလေးတစ်ယောက် ဝနေတာဟာ တကယ်ချစ်စရာကောင်းတာဟုတ်ရဲ့လား။

ဘယ်အသက်အရွယ်မှာမဆို ကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ အဝလွန်နေရင်တော့ ကြီးပြင်းလာချိန်တစ်လျှောက်လုံးမှာ ကျန်းမာရေးပြဿနာတွေရင်ဆိုင်ရလေရော့ဟယ်ဆိုပြီး နဖူးမှာ တံဆိပ်ကပ်ပေးလိုက်သလို ဖြစ်နေသွားမှာပါ။

ဒါကြောင့် ကိုယ့်ရင်သွေး လက်ရှိအချိန်မှာရော အနာဂတ်ကာလမှာပါ ကျန်းမာနေစေဖို့ ငယ်ရွယ်စဉ်မှာ အဝမလွန်အောင် ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့်တော့ ဝနေတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက လူကောင်ထွားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်မှာ အဆီစုဆောင်းတဲ့စနစ်ကလည်း အရွယ်အလိုက်ကွာခြားပါသေးတယ်။

ဒါကြောင့် ကလေးတစ်ယောက် အဝလွန်တယ် မလွန်ဘူးဆိုတာကို အမြင်နဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ အကောင်ဆုံးကတော့ အဝလွန်ခြင်းရှိမရှိသိဖို့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMIနဲ့ တွက်တာပါပဲ။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ အသက် ဒါမှမဟုတ် အရပ်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိမရှိဆိုတာ သိနိုင်မှာပါ။

တကယ်လို့ ကိုယ့်ကလေးက အဝလွန်နေပြီဆိုရင်


BMI တို့ Growth Chart တို့နဲ့ တွက်ချက်ကြည့်လို့ ကိုယ့်ကလေးက အဝလွန်နေတယ်ဆိုရင်တော့ ဝိတ်ချပေးဖို့ လိုအပ်လာမှာပါ။ ကိုယ့်ကလေး အဝလွန်နေပြီဆိုရင် ဘာကြောင့် အဝလွန်နေတာလဲဆိုတဲ့ အကြောင်းအရင်းကို အရင်ဆုံးသိနားလည်ထားဖို့ လိုအပ်ပါတယ်။

  • အကြမ်းဖျဉ်းအားဖြင့်တော့ ကလေးတွေဟာများသောအားဖြင့် အောက်ပါအကြောင်းအရင်းတွေကြောင့် ကိုယ်အလေးချိန်တဟုန်ထိုး တိုးမြင့်လာတက်ပါတယ်။

  • အစားအသောက် အလွန်အကျွံစားတာ၊

  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊

  • မိသားစုပြဿနာကြားမှာ ကြီးပြင်းလာရတာ၊

  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတာ၊

  • ပတ်ဝန်းကျင်ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ၊

  • အမျိုးအစား ၂ ဆီးချိုရောဂါရှိနေတာ စတာတွေပါပဲ။


ကလေးတွေကို ဝိတ်ချရတာက လူကြီးတွေကို ဝိတ်ချရတာလောက်တော့ မလွယ်ကူပါဘူး။ ကလေးဖြစ်နေတော့ အစားတွေ ဇွတ်ရှောင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုတးက်ဖို့ အာဟာရမျှတအောင် ကျွေးဖို့ကလည်း လိုသေးတယ်မဟုတ်လား။

ဒါကြောင့် အသက်အရွယ်ပေါ်မူတည်ပြီး အောက်ပါနည်းလမ်းတွေနဲ့ ဝိတ်ချဖို့ လိုအပ်ပါတယ်။

အသက် ၁ နှစ်မှ ၆ နှစ်


ဒီလောက်အရွယ်လေးနဲ့ ဝပါ့မလားလို့ မထင်လိုက်ပါနဲ့ ဝပါတယ်။ ဖြစ်နိုင်ခြေနည်းပါးတာပဲရှိတာပါ။ တစ်ချို့ကလေးတွေဟာ မထင်မှတ်ထားတဲ့ ခုလိုအရွယ်မှာကတည်းက ဝဖြိုးနေကြပါပြီ။

ဒါပေမယ့် ဒီအသက်အရွယ်မှာ အဝလွန်ဖို့ ဖြစ်နိုင်ခြေက နည်းပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ပန်းတိုင်ထားပြီး စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီအရွယ်တွေမှာ စနစ်တကျ မစောင့်ရှောက်ရင် ဒီထက်ကြီးတဲ့အရွယ်မှာ အဝလွန်လာနိုင်တာကြောင့်ပါ။

  • လမ်းလျှောက်တတ်ချိန်ကတည်းက တစ်နေ့ကို အနည်းဆုံး မိနစ် ၆၀ ကိုယ်လက်လှုပ်ရှားမှုရှိနေအောင် ထားပါ။

  • ခုန်စရာ၊ ပြေးစရာ၊ ဆော့စရာနေရာ သတ်မှတ်ပေးပါ။ အိမ်တွင်း Gym ကစားကွင်းလေးတစ်ခုလိုပေါ့။

  • ကလေးအရွယ်မှာ လေ့ကျင့်ခန်းတွေ လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကစားခုန်စားမှုက သိပ်ပြီးအရေးပါပါတယ်။

  • အစာပြေစာတွေ ကျွေးမွေးဖြစ်နေတယ်ဆိုရင် လျှော့ပါ။ ကျန်းမာပြီး အာဟာရဓာတ်ကြွယ်ဝစွာပါရှိတာတွေကို ပြောင်းကျွေးပါ။

  • အသင့်စားအစားအစာတွေကို ရှောင်ကျဉ်ပြီး သစ်သီးဝလံတွေ၊ အစေ့အဆံတွေနဲ့ ဖိုက်ဘာပါဝင်မှုများတဲ့ အစားအစာတွေ ပိုမိုကျွေးမွေးပါ။

  • သကြားဓာတ်ပါတဲ့ အချိုရည်တွေ တိုက်ကျွေးတာမျိုးကို ရှောင်ပါ။


အသက် ၇ နှစ်မှ ၁၀ နှစ်


ပထမအသက်အရွယ်မှာ စနစ်တကျ ကျွေးမွေးစောင့်ရှောက်တာမျိုး မလုပ်ခဲ့ရင် ဒီအရွယ်မှာ အဝလွန်တာမျိုး စဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ကလေးက ကိုယ်အလေးချိန် မြင့်မားနေပြီ၊ လိုတာထက် ပိုဝနေပြီဆိုရင် စနစ်တကျ အချိန်ယူပြီး ဝိတ်ချပေးဖို့လိုအပ်ပါတယ်။

  • ခြေလှမ်းသေးသေးလေးတွေကနေ စပါ။ စိတ်ရှည်သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေလို ခပ်ကြမ်းကြမ်းနည်းတွေနဲ့ ဝိတ်ချလို့မရနိုင်ပါဘူး။ ကလေးကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အချိန်ယူပြီး တဖြည်းဖြည်းချင်း ဝိတ်ချရပါတယ်။

  • ဒီအသက်အရွယ်မျိုးမှာ ကလေးတွေက အရာရာကို နားလည်နေပါပြီ။ ဒါပေမယ့် မိဘတွေရဲ့ အကူအညီလိုအပ်နေသေးတာမို့ ဝိတ်ချဖို့ ပါဝင်ကူညီရပါမယ်။အစားအစာတွေကို အာဟာရပြည့်ဝတာတွေ ရွေးချယ်ကျွေးမွေးပါ။

  • အသင့်စား အစားအစာတွေနဲ့ အဆာပြေစာတွေ ကျွေးမွေးတာကို လျှော့ချပါ။

  • တချို့သော ကိုယ်အလေးချိန်မြင့်တက်စေနိုင်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကို ကလေးကို သိနားလည်အောင်ရှင်းပြပြီး မစားဖို့ တားဆီးပါ။

  • တီဗွီနဲ့ စမတ်ဖုန်း အပါအဝင် Screen Time ကို လျှော့ချပါ။ တစ်နေ့ကို တစ်နာရီ ခွဲထက် ပိုပြီး အသုံးမပြုပါစေနဲ့။

  • နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ။ စက်ဘီးစီးတာ၊ ရေကူးတာနဲ့ ဘောလုံးကန်တာလိုမျိုး အားကစားတွေ ကစားဖြစ်အောင် အားပေးပါ။

  • မိသားစုနဲ့ အချိန်ပေးတတ်အောင် ကူညီပါ။ ကလေး အထီးကျန်တာမျိုးမရှိအောင် ကူညီပါ။


အသက် ၁၁ နှစ်မှ ၁၇ နှစ်


ဒီအသက်အရွယ် အုပ်စုမှာ အဝလွန်တာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်တမ်းအားဖြင့် ဒီအသက်အရွယ်ဟာ ကလေးဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ပေးရမယ့် အရွယ်ပါ။ အရပ်ရှည်လာမယ်၊ ခန္ဓာကို ပြောင်းလဲလာမယ်၊ ဖွံ့ထွားလာမယ်။ ဒါပေမယ့် အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးချိန်မျိုးမှာ ကိုယ်အလေးချိန် လျော့ကျတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဝလွန်နေသူတွေအတွက်တော့ သိသိသာသာဖြစ်နိုင်လောက်တဲ့ အခြေနေမျိုးမဟုတ်ပါဘူး။

  • ဒီအသက်အရွယ် အုပ်စုမှာတော့ ကလေးကိုယ်တိုင် ကိုယ်အလေးချိန် လျှော့ချတာမျိုးလုပ်ဖို့ လိုအပ်ကြောင်း နားလည်အောင် ရှင်းပြပေးဖို့လိုအပ်ပါတယ်။

  • အားကစားနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ချင်စိတ် ကလေးမှာ ပေါ်ပေါက်လာအောင် ကူညီပေးဖို့လည်း လိုမှာပါ။ ရည်မှန်းချက်တစ်ခုထားပြီး အားကစားကို ပုံမှန်လုပ်ခိုင်းသင့်ပါတယ်။

  • အစားအစာတွေကို မိသားစုနဲ့အတူ မှီဝဲခိုင်းပါ။ တစ်ပတ်မှာ ၃ ကြိမ်လောက် မိသားစုနဲ့ အစားအစာ အတူတူ စားသောက်မှီဝဲတာဟာ သာမန်ထက် ၂၄% ပိုမို ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။

  • စိတ်ခွန်အားရှိအောင် ကူညီပါ။ ဒီအချိန်မှာ ကလေးတိုင်းက အစားအသောက်မျိုးစုံကို မဆင်မခြင်စားပြီး ပျော်ရွှင်နေချင်ကြတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်မှီဝဲချင်စိတ်ပေါက်လာအောင် ဆွဲဆောင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။

  • ကလေးစိတ်ပါဝင်စားမှုရှိတယ်ဆိုရင် ကလေးတွေအတွက် စီစဉ်ထားတဲ့ ဝိတ်ချနည်းတွေကို အသုံးပြုစေလို့ရပါတယ်။


 ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013