DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် SingTel ကုမ္ပဏီ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ် ထူထောင်မည်
DVB
·
June 11, 2013
မြန်မာနိုင်ငံတွင် SingTel ကုမ္ပဏီ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ် ထူထောင်မည်
Donate to DVB

စင်ကာပူအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ SingTel (Singapore Telecommunication Limied) က မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ မြန်နှုန်းမြင့် တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက် ၀န်ဆောင်မှုလုပ်ငန်း ကို အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းကို SingTel ကုမ္ပဏီနဲ့အတူ ပြည်တွင်းလုပ်ငန်းစုတွေဖြစ်တဲ့ KBZ Group of companies  နှင့် Myanmar Telephone company (M-TEL) တို့နဲ့အတူ ပူးပေါင်းအကျိုးတူ ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမယ်လို့  ဒီကနေ့ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီဆက်သွယ်ရေးဝန်ဆောင်မှုက မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မီ  မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန်ယက်တခု ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ နိုင်ငံ့လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်း၊ ဒုတိယ အဆင့် ၂၀၁၅-၁၆ ခုနှစ်မှာ လူဦးရေ ၉၅ ရာခိုင်နှုန်းနဲ့ တတိယအဆင့် ၂၀၁၇-၁၈ ခုနှစ်မှာ လူဦးရေ ၉၈ ရာခိုင်နှုန်းကို လွှမ်းခြုံမှုရှိမယ်လို့ သိရပါတယ်။

SingTel ရဲ့ အမှုဆောင်အရာရှိချုပ် Mr Mark Chong က “SingTel ရဲ့ ကမ္ဘာတလွှားက ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးတွေကြောင့် ကျနော်တို့ဟာ အခြေခံအဆောက်အအုံက စပြီးတော့ တည်ဆောက်တဲ့နေရာမှာ သူများတွေနဲ့မယှဉ်သာအောင် ထူးခြားကောင်းမွန်ပါတယ်။ ပြီးတော့ မြန်မာနဲ့စင်ကာပူဟာ အာဆီယံဒေသတွေမှာ မိတ်ဆွေနိုင်ငံတွေ ဖြစ်ပါတယ်။ ကျနော်တို့က ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်ရေးစနစ်အတွက် အခြေခံအဆောက်အအုံတခုတည်းကိုသာ တည်ထောင်ပေးချင်တာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံတကာဆက်သွယ်ရေးစနစ်တွေ ဆန်းသစ်တဲ့ ၀န်ဆောင်မှုတွေက ပြည်သူတွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းကို တိုးတက်စေပါလိမ့်မယ်” လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အခွင့်အလမ်းကောင်းတွေ ပေါ်ထွန်းနေပါတယ်။ ပြည်တွင်းက မိတ်ဖက်ကုမ္ပဏီတွေရဲ့ အင်အားတွေနဲ့အတူ ကျနော်တို့ဟာ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ တီထွင်ဆန်းသစ်မှုတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ တတပ်တအားပါဝင်ဖို့ကို နှစ်နှစ်ကာကာ ယုံကြည်ထားပါတယ်။ ပြီးတော့ တယ်လီဖုန်းဆက်သွယ်ရေးကို တည်မှီပြီး လုပ်ကိုင်နေကြရတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဆီကိုလဲ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှာ ဖြစ်တယ်” လို့ Mr Mark Chong က ဆက် ပြောပါတယ်။

SingTel ရဲ့ခေတ်မီတဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေ၊ ရေအောက်ဆက်သွယ်ရေး ကေဘယ်စနစ်တွေက မြန်မာနိုင်ငံကို နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်စနစ်ကြီးနဲ့ ဆက်သွယ် ချိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့  မြန်မာကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်ရေးအတွက်လဲ အထောက်အကူပေးသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

SingTel ဟာ အာရှနဲ့ အာဖရိကမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစုကြီး တခုဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အာဖရိက တို့မှာရှိတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူ ၄၆၈ သန်းကျော်ကို ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

SingTel ဟာ စင်ကာပူရှယ်ယာဈေးကွက်ထဲ အကြီးမားဆုံးလုပ်ငန်းစု တခုဖြစ်တဲ့အပြင် ဩစတြေးလျ ရှယ်ယာဈေးကွက်ထဲကိုလည်း ၀င်ရောက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013