DVB Logo
Home
မြန်မာသတင်း
မလေးရောက် မြန်မာများကိုကူညီရန် အစိုးရကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
DVB
·
June 11, 2013
မလေးရောက် မြန်မာများကိုကူညီရန် အစိုးရကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
Donate to DVB

မလေးရှားရှိ မြန်မာအလုပ်သမားတွေကို ကူညီဖို့ မြန်မာဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော်ခေါင်းဆောင်တဲ့ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ညနေပိုင်းက မလေးရှားနိုင်ငံကို ထွက်ခွာသွားကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာနက ဦးစီးအရာရှိ ဦးဖြိုးသူက သူတို့ လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေကို ခုလို ပြောပါတယ်။

[caption id="attachment_40487" align="alignright" width="300" caption="ကပုန်းရှိ မြန်မာလူမှုကူညီရေးအသင်းနှင့် ကပုန်းဘုန်းတော်ကြီးကျောင်းက ကူညီထားသည့် မြန်မာနိုင်ငံသားများ"][/caption]

“ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကတော့ လက်ရှိ ဟိုမှာ အကျဉ်းကျခံထားရတဲ့ အလုပ်သမားကိစ္စတွေ၊ သေဆုံး၊ ဒဏ်ရာရတွေကို အတတ်နိုင်ဆုံးကူညီဖို့ သွားမှာပါ။ မလေးရှားမှာ အလုပ်သမားသံအရာရှိ ရှိတယ်၊ သူ့ဆီက သတင်းအချက်အလက်ယူပြီး ဆက်လုပ်သွားမယ်။”

ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေး၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းက တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြန်မာအလုပ်သမားတွေ အိမ်ပြန်ချင်နေကြတယ်လို့ မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့၊ ကပုန်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးအိန္ဒိက ကမိန့်ပါတယ်။

“ပြန်ချင်တဲ့ အလုပ်သမားများတယ်။ တချို့လည်း ပတ်စပို့သက်တမ်းတိုးထားတာ လပိုင်းလောက်ပဲ ရှိသေးတော့ ၄-၅ လလောက်နေဦးမှ ဆိုတာလည်း ရှိတယ်။ အစိုးက မကူညီခင်ကတည်းက ပြန်ဖို့ အတော်များများ ဆုံးဖြတ်ချချပြီးသွားကြပြီ။ မိသားစုတွေ၊ ညီအစ်ကိုမောင်နှမတွေကလည်း ဘာပဲဖြစ်ဖြစ် ပိုက်ဆံရရ၊ မရရ ပြန်လာခိုင်းကြတယ်တဲ့။”

အခုသွားရောက်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအလုပ်သမားတွေအရေး စုံစမ်းလေ့လာပြီး သမ္မတကို ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ မလေးရောက် မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တာ အကုန်လုပ်ပေးဖို့ သမ္မတက မှာကြားလိုက်တယ်လို့လည်း သမ္မတရုံးက ဆိုပါတယ်။

မေလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း မြန်မာအလုပ်သမား ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အစိုးရက မလေးရှားနိုင်ငံကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နေချိန်မှာ မြန်မာနိုင်ငံက ထင်ရှားတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း မလေးရှားက မြန်မာအလုပ်သမားတွေကို  အကူအညီပေးဖို့ ထုတ်ဖော် ကြေညာလာကြပါတယ်။

လုပ်ငန်းရှင်သူဌေးကြီး ဦးတေဇထူထောင်ထားတဲ့ ထူးဖောင်ဒေးရှင်းက မလေးရှားက ပြန်ရောက်လာကြမယ့် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းမယ်လို့ ဖောင်ဒေးရှင်းရဲ့ အင်တာနက်စာမျက်နှာမှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ထူးဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက “ကျနော်တို့ ရည်ရွယ်တာက အဲကလေးတွေ ပြန်လာကြ၊ ပြန်ရောက်လာရင် စားသောက်ဖို့၊ နေထိုင်ဖို့ ဘယ်မှာရှိမလဲ။ နေရပ်ပြန်ဖို့ ဘာနဲ့ပြန်မလဲဆိုတာ ကျနော့်ခေါင်းထဲရောက်လာတယ်။ အဲအတွက် ရည်ရွယ်ပြီး တချို့ကလေးတွေ ပြန်လာတဲ့ကလေးတွေ စားဖို့သောက်ဖို့၊ နေထိုင်ဖို့ ခက်သွားမယ်၊ လက်ထဲတပြားတချပ်မှ ပါလာမှာမဟုတ်ဘူးလေ။ ဒါကြောင့် ဒီ ၁ သိန်းကို မတည်ပေးတာပါ။” လို့ ပြောပါတယ်။

အလားတူ -  ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာ ၅ သောင်းကို မလေးရှားနိုင်ငံ ကပုန်းနာရေးကူညီမှုအသင်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်းကလည်း မြန်မာပြည်ကို ပြန်လာလိုသူတွေအတွက် ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုနဲ့ လေယာဉ်လက်မှတ်ခကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး ဇွန် ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ပျံသန်းပေးမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

မက်စ်မြန်မာပိုင်ရှင် ဦးဇော်ဇော်ကတော့ လူဦးရေ ၁၀၀၀ စာအတွက် လေယာဉ်လက်မှတ် အခမဲ့နဲ့ အလှူငွေ ဒေါ်လာ ၂ သောင်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013