DVB Logo
Home
မြန်မာသတင်း
မိုက်ခရိုဆော့ဖ်က မြန်မာဈေးကွက်အတွက် သင့်တင့်နှုန်းထား ဆောင်ရွက်ပေးမည်
DVB
·
June 11, 2013
မိုက်ခရိုဆော့ဖ်က မြန်မာဈေးကွက်အတွက် သင့်တင့်နှုန်းထား ဆောင်ရွက်ပေးမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေအကြား အချိန်အတော်ကြာကြာ တရားမဝင် သုံးစွဲနေကြတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေကို တရားဝင် သုံးစွဲလာနိုင်ဖို့အတွက် အားလုံးတတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ သတ်မှတ်ရောင်းချပေးဖို့ မိုက်ခရိုဆော့ဖ်က စီစဉ်နေပါတယ်။

မိုက်ခရိုဆော့ဖ်အနေနဲ့ မြန်မာပြည်ဆော့ဖ်ဝဲဈေးကွက်ကို ဝင်ရောက်ဖို့အတွက် ရန်ကုန်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ အမ်အိုင်တီကို သူ့ရဲ့အဓိကမိတ်ဖက်ကုမ္ပဏီအဖြစ် ရွေးချယ်လိုက်တယ်ဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကြေညာလိုက်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ဆော့ဖ်ဝဲတွေကို တရားဝင်လိုင်စင်နဲ့ အသုံးပြု လာနိုင်အောင် အမ်အိုင်တီကုမ္ပဏီက အဓိကဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က မိုက်ခရိုဆော့ဖ်ဝဲသုံးစွဲသူတွေကြား တရားဝင်လိုင်စင်နဲ့ သုံးစွဲရမယ့်ကိစ္စမှာ ဈေးနှုန်းသတ်မှတ်ချက်က အားလုံးစိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မိုက်ခရိုဆော့ဖ်အနေနဲ့ သူ့ရဲ့အဓိကမိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ အမ်အိုင်တီနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သုံးစွဲသူတွေအတွက် လုပ်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အမ်အိုင်တီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဦးထွန်းသူရသက်က အခုလို ပြောပါတယ်။

“အဓိကပြဿနာက ဈေးနှုန်းပေါ့၊ ဈေးနှုန်းသင့်တင့်အောင်၊ ဈေးကွက်နဲ့ ကိုက်ညီအောင် ညှိပေးရမယ်။ အထူးသဖြင့် ကျောင်းသားတွေ ပညာရေးအတွက်သုံးမယ်ဆို၊ တတ်နိုင်သမျှ နည်းအောင်၊ ဖြစ်နိုင်ရင်ပေးစရာမလိုအောင်၊ ကျောင်းသားတွေတတ်နိုင်တဲ့ ဈေးဖြစ်အောင် ညှိပေးရမယ်။ နောက် ဈေးကွက်လိုအပ်ချက် အပိုင်း။ ဒီမှာလိုအပ်နေတာတွေ ဘာတွေလုပ်ပေးဖို့ လိုအပ်နေလဲဆိုတာ မိုက်ခရိုဆော့ဖ်ကို ညှိပေးဖို့ တာဝန်ရှိပါတယ်။”

ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းကွန်ပျုတာနယ်ပယ်က လေ့လာလိုက်စားနေသူတချို့တော့ မိုက်ခရိုဆော့ဖ်အနေနဲ့ သူ့ရဲ့မူပိုင်ခွင့်ကို တင်းကျပ်လိုက်မယ်ဆိုရင် သုံးစွဲသူတွေ အခက်တွေ့လာနိုင်မယ်လို့ ဆိုကြပါတယ်။

တချို့ကတော့  မြန်မာနိုင်ငံက ချမ်းသာတဲ့နိုင်ငံမဟုတ်တဲ့အတွက် ကုမ္ပဏီအနေနဲ့ အားလုံး အဆင်ပြေမယ့်ဈေးနှုန်းတခု သတ်မှတ်ပေးဖို့ကိုလည်း ဆန္ဒရှိနေကြပါတယ်။

ကွန်ပျူတာနယ်ပယ်မှာ မဖြစ်မနေအသုံးပြုရတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ တရားဝင်လိုင်စင် ဗားရှင်းဆော့ဖ်ဝဲတွေကို ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ် မသုံးဖြစ်ရတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးထွန်းသူရသက်က အခုလို ပြောပါတယ်။

“သုံးတဲ့သူတွေ ရသင့်တဲ့ အထောက်အပံ့ရအောင် ပေးဖို့။ ၂ ခုကြောင့် မသုံးဖြစ်ဘူး၊ တခုက မသုံးဖူးဘူး၊ နောက်တခုက ၀ယ်ရကောင်းမှန်းမသိတာ၊ ဘယ်မှာဝယ်ရမှန်းမသိတာပေါ့။ ဆိုင်မှာလည်း ၀ယ်မရဘူး။ စီဒီဆိုင်သွားရင် လိုင်စင်ဗားရှင်း ကို လွယ်လွယ်ကူကူ ၀ယ်ဖို့နေရာ ရှိဖို့ လိုတယ်။ ဈေးနှုန်းပေါ့၊ ၀န်ထမ်းလစာ ၁ လမှာ ၅၀-၁၀၀ မှာ ဆော့ဖ်ဝဲတခု ၃၀၀-၄၀၀ ဆိုရင် မဖြစ်နိုင်ဘူးပေါ့။ ဒါတွေ လုပ်ပေးသွားရမှာပါ။”

ရန်ကုန်က ကွန်ပျူတာ Developer တဦးကတော့ အစိုးရစီမံကိန်းတွေမှာ သုံးနေတဲ့ ဆာဗာတွေအတွက် ဘယ်လိုလုပ် လိုင်စင်ကြေးတွေ သတ်မှတ်မယ်ဆိုတာကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

မိုက်ခရိုဆော့ဖ်က အခုလို မြန်မာနိုင်ငံနဲ့ လက်တွဲလိုက်တဲ့အတွက် အရင်လို လိုင်စင်ဗားရှင်းတွေကို လိုအပ်သူတွေအနေနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေက ကွန်ပျူတာကုမ္ပဏီတွေနဲ့ တကူးတက ချိတ်ဆက်စရာ မလိုတော့ပါဘူး။

ဖွံ့ဖြိုးမှုပိုင်း အရမ်းနောက်ကျတဲ့နိုင်ငံဖြစ်လို့ သူတို့ရဲ့ဆော့ဖ်ဝဲတွေကို ခိုးသုံးနေတာသိသိနဲ့ လွှတ်ပေးထားတာ ဖြစ်နိုင်ပြီး အခုလိုမျိုးမိုက်ခရိုဆော့ဖ်က ပြည်တွင်းဈေးကွက်ကို ဝင်လာတာကြောင့် အစိုးရနဲ့ ပုဂ္ဂလိပိုင်းမှာ နည်းပညာနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ဖြစ်လာမယ်လို့ လူငယ်ကွန်ပျူတာပညာရှင်တဦးဖြစ်တဲ့ ဦးဇော်သူရိန်ထွန်းက သုံးသပ်ပါတယ်။

နိုင်ငံတကာကနည်းပညာကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံကို ဆက်တိုက်ဆိုသလို ဝင်ရောက်လာတော့မှာပါ။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကတော့ တိုးတက်မှု နောက်ကျနေဆဲပဲ ဖြစ်ပါတယ်လို့ ရန်ကုန်အခြေစိုက် ကွန်ပျူတာပညာရှင်တချို့က သုံးသပ်ပါတယ်။
လောလောဆယ်မှာတော့ မိုက်ခရိုဆော့ဖ်အနေနဲ့ သူ့ရဲ့ထုတ်ကုန်တွေကို ပြည်တွင်းက ဆော့ဖ်ဝဲရေးသားရာကနေ နှစ်စဉ်ရောင်းချမှု ဒေါ်လာ ၁ သန်းဖိုး မကျော်တဲ့ ပုဂ္ဂလိကကုမ္ပဏီ အသေးစားတွေကို ၃ နှစ် အခမဲ့ သုံးစွဲခွင့်ပြုဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013