DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်မြို့နယ်တွင် မြေအသိမ်းခံရသူများ ဆန္ဒပြ
DVB
·
June 11, 2013
Donate to DVB

ဗိုလ်တထောင်မြို့နယ်က မြေကွက်အသိမ်းခံရတဲ့ပြည်သူတွေက ဒီနေ့မှာ တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တောင်းဆိုချက်တွေ မရရင် တနိုင်ငံလုံးက မြေသိမ်းခံရသူတွေအားလုံး စုပေါင်းပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ မြေသိမ်းခံပြည်သူတဦးက ပြောပါတယ်။

အစိုးရက ၁၉၉၄ ခုနှစ်က သိမ်းခဲ့တဲ့ ဗိုလ်တထောင်မြို့နယ်ထဲက မြေကွက်ပေါင်း ၇၀၀ ကျော်ကို ပြန်လည်ရရှိဖို့ ဒီနေ့နေလယ်က ရန်ကုန်မြို့ မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာန ရှေ့မှာ လူ ၅၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အဲဒီမြေကွက်တွေကို ကုန်သွယ်ရေးဝန်ကြီးဌာနက ၁၉၅၀ ၀န်းကျင်က တလငှားရမ်းခ ၁၇ ကျပ် ၅၆ ပြားနဲ့ ၁၉၉၄ အထိငှားရမ်းခဲ့ပါတယ်။ ၁၉၉၄ နောက်ပိုင်းမှာ ငှားရမ်းခမပေးတော့ဘဲ နိုင်ငံတော်လိုအပ်ချက်အတွက်ဆိုပြီး သိမ်းယူခဲ့တယ်လို့ မြေကွက် ၂ ကွက်အသိမ်းခံရတဲ့ ကိုဇော်အောင်ထွန်းက ပြောပါတယ်။

“အစိုးရက ဟိုခေတ်က အတင်းအဓမ္မငှားတာ။ မြေငှားပါတယ်ဆိုပြီး ငှားချင်ချင်၊ မငှားချင်ချင် ငှားတယ်။ တောက်လျှောက် ဘိုးအေလက်ထက်ကနေ ခေတ်အဆက်ဆက် စာရေးတိုင်တယ်။ ဒါပေမယ့် ဆန္ဒဖော်ထုတ်တာတော့ မလုပ်ရဲဘူး။ သူတို့ဘက်က တုံ့ပြန်မှုမရှိဘူး၊ လစာပဲပေးထားတယ်။ သိမ်းလိုက်တဲ့စာကို သူ့ဘာသူထုတ်ပြီး ရ၀တရုံးကို ပို့လိုက်တာ အဲခေတ်က၊ ကျနော်တို့ကို ‘လခမပေးတော့ဘူး၊ သိမ်းလိုက်ပြီ’ ဒီလိုပဲပြောတာ။ နိုင်ငံတော်လိုအပ်ချက်ဆိုပြီး သိမ်းပြီး နိုင်ငံတော်ကမယူဘဲ ကုမ္ပဏီတွေကယူပြီး လုံးချင်းတွေဆောက်ပြီး ပုဂ္ဂလိကကိုပြန်ရောင်းနေတယ်။”

နှစ် ၉၀ ဂရန်ရှိတဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်တာကြောင့် လျော်ကြေးထက် မြေကွက်ကိုသာ ပြန်လိုချင်တယ်လို့ မြေသိမ်းခံရတဲ့ ဦးတင်ထွဋ်က ပြောပါတယ်။

“အန်ကယ့် မြေကွက်ဆိုပေမယ့် အန်ကယ့်အဖွားက အိန္ဒိယလူမျိုးတဦးဆီက ၀ယ်ထားတာ။ ကာလပေါက်ဈေးနဲ့ စာချုပ်စာတမ်းတွေ အကုန်ရှိတယ်။ အဖိုးက မှတ်ပုံတင်ပြီး ဂရန်ပါလျှောက်ပြီး ရထားတာ။ ဟိုတုန်းကတော့ ငွေတန်ဖိုး ရူပီးနဲ့ပေါ့။ နှစ် ၉၀ ဂရန်မြေပါ။ အဲဒါတွေကို မတရားသိမ်းပိုက်ထားတာ။ အခုထိ နှစ် ၆၀ ပဲရှိသေးတယ်၊ နှစ် ၃၀ တောင်ကျန်သေးတယ်။ မြေကွက်ပေါင်း ၃၀ ကျော်ပါ။ သူ့ဧရိယာက ကမ်းနားလမ်းကနေ မဟာဗန္ဓုလတံတားနားအထိ အကျယ်ကြီး၊ အဲဒါအကုန်လုံး ယူထားတာ။ အန်ကယ့်မြေပြန်လိုချင်တာပေါ့။”

ဒီမြေကွက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်တာ ၃ ကြိမ်ရှိပြီဖြစ်တဲ့အတွက် မထူးခြားရင် တနိုင်ငံလုံးက မြေသိမ်းခံရသူတွေနဲ့ စုပေါင်းပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ ဦးတင်ထွဋ်က ပြောပါတယ်။
“စစ်တပ်ကနေ မြေကွက်ပိုင်ရှင်တွေကို ပြန်ပေးလိုက်ပါဆိုပြီး ပြန်ပေးခိုင်းလိုက်တာ၊ အဲဒါကို ဟိုးအရင်ကနေ ယနေ့ထက်ထိ ပြန်မပေးဘဲ လုပ်ချင်ရာ လုပ်တာ။ ဒီတကြိမ်လည်း ဘာမှမထူးခြားလာသေးရင် ရန်ကုန်မြို့မှာပဲ သိမ်းခံထားရသူတွေ အများကြီးရှိသေးတယ်။ သူတို့အုပ်စုနဲ့ပေါင်းပြီး တခါထပ်လုပ်သွားဦးမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013