DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျနေသည့် မြန်မာလူငယ် ၂ ဦးကို တသက်တကျွန်း ပြစ်ဒဏ်လျှော့ပေး 
DVB
·
August 14, 2020
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျနေသည့် မြန်မာလူငယ် ၂ ဦးကို တသက်တကျွန်း ပြစ်ဒဏ်လျှော့ပေး 
Donate to DVB

ထိုင်းဘုရင့်မွေးနေ့ အထိမ်းအမှတ်ထုတ်ပြန်တဲ့  လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့နှစ်ဦးကို တသက်တကျွန်းပြစ်ဒဏ်အဖြစ် လျှော့ပေးလိုက်တယ်လို့ ထိုင်းရှေ့နေတွေက ပြောပါတယ်။  

ထိုင်းနိုင်ငံရဲ့ ဒသမမြောက်မင်းဆက်ဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထောင်တွင်းအကျဉ်းကျနေသူတွေကို ပြစ်ဒဏ်အလိုက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးကြောင်း ထိုင်းအစိုးကပြန်တမ်း  ဩဂုတ်လ ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ 

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ ထောင်ထဲမှာ နှစ်ရှည်နာမကျန်းဖြစ်နေသူတွေ၊ ကင်ဆာ ၊ အေအိုင်ဒီအက်စ် စတဲ့ရောဂါရှိသူတွေ၊ ကုသလို့မရတော့တဲ့အဆင့်မှာရောက်နေသူတွေ၊ ပထမဆုံးအကြိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေ၊ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို တစ်ဝက်ကျခံပြီးသူတွေ၊ အသက် ၂၀ အောက်လူငယ်တွေ၊ အကျဉ်းထောင်ကြီးရဲ့ အမည်စာရင်းမှာ မပါဝင်သေးတဲ့ အချုပ်ခန်းကလူတွေ စသဖြင့် ပါဝင်ပါတယ်။

အလားတူ ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ အလုပ်လာလုပ်ရင်း ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရတဲ့အမှုနဲ့ပတ်သက်လို့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ဝင်းနဲ့ ဇော်တို့ နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ထဲပါလာမလားလို့ မိဘဆွေမျိုးနဲ့အတူ မြန်မာပြည်သားတွေက မျှော်လင့်နေကြတာပါ။

ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကလည်း ဘုရင်ကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သတင်းကြားကြားချင်း ဝင်းနဲ့ ဇော်တို့ ဘောင်ဝင်ခြင်းရှိမရှိကို ထိုင်းရှေ့နေများကောင်စီဝင်တစ်ဦးကို မေးမြန်းခဲ့ကြောင်းနဲ့ အဆိုပါရှေ့နေက ဘောင်ဝင်နိုင်တယ်ဆိုလို့ဝမ်းသာအားရဖြစ်မိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“လိပ်ကျွန်းလူသတ်မှုကူညီစောင့်ရှောက်ရေးကော်မတီမှာပါဝင်တဲ့ ထိုင်းရှေ့နေလည်းဖြစ်၊ ကျနော်တို့ အဖွဲ့အစည်းရဲ့ရှေ့နေလည်းဖြစ်တဲ့ အမျိုးသမီးကိုမေးကြည့်တဲ့အခါမှာ သူကဘောင်ဝင်နိုင်ပါတယ်လို့ပြောတော့ ကျနော်တို့အနေနဲ့ အတိုင်းမသိဝမ်းသာတာပေါ့နော် ။ သူတို့မိသားစုတွေလည်း အဲဒီသတင်းကြားရင်ဝမ်းသာမယ်လို့ မျှော်လင့်ပါတယ်။ ကလေးတွေက အပြစ်မရှိဘဲ ဖမ်းဆီးခံထားရတယ်။ ကျနော်တို့နိုင်ငံအစိုးရရဲ့ ကူညီမှုလည်းအားနည်းခဲ့တယ်။ ဘာဘဲပြောပြော ဒီကလေးတွေ သေဒဏ်ကနေ တသက်တကျွန်းကို လျှော့ပေါ့ပေးတာက ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးရော ၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်  ဝမ်းသာစရာသတင်းဘဲလို့ ကျနော်ပြောချင်တယ် ”

ထိုင်းရှေ့နေတစ်ဦးဖြစ်တဲ့ နခွန်ချွမ်ပူချတ်ကလည်း  မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့  ထိုင်းဘုရင်ရဲ့ အမိန့်အရ သေဒဏ်ကနေ  ထောင်ဒဏ် တသက်ကျခံဖို့ ပြစ်ဒဏ်လျှော့ပေးလိုက်တယ်လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။

“ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ပါ အပုဒ် တစ် ပုဒ်အရ  သူတို့ရဲ့ သေဒဏ်ကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်အဖြစ် လျှော့ပေးဖို့  သူတို့ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေတဲ့အတွက် သူတို့ရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်လည်း ရရှိမှာဖြစ်ပါတယ်။” လို့ ထိုင်းရှေ့နေ နခွန်ချွမ်ပူချတ်က ပြောပါတယ်။ 

သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ဖို့  ကာယကံရှင်နဲ့ မိသားစုဝင်တွေ၊ မြန်မာအဖွဲ့အစည်းတွေက ထိုင်းဘုရင်ကြီးထံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက  အသနားခံစာ တင်သွင်းခဲ့ကြပါတယ်။ 

အဆိုပါ အသနားခံစာကို လူငယ် ၂ ဦးရဲ့ မိခင်နဲ့ မိသားစုဝင်တွေ၊ ထိုင်းမြန်မာသံရုံး ကမြန်မာသံမှူး၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်၊ မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်း ခေါင်းဆောင် အပါအဝင် စုစုပေါင်း လူ ၁၀ ဦးလောက်က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ ဘန်ခွမ်အကျဉ်းထောင် ထောင်ပိုင်ကြီးထံ ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်က ထိုင်းတောင်ပိုင်း လိပ်ကျွန်းရှိ စိုင်ရီကမ်းခြေမှာ အသက် ၂၄ နှစ်ရွယ်ရှိ ဒေးဗစ်မေလာနဲ့ ၂၃ နှစ်ရွယ်ရှိ ဟန်နာဝစ်သာရစ်ဆိုသူ   ဗြိတိန်နိုင်ငံသား နှစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ဒီအမှုမှာ သေဆုံးသူတွေနဲ့ ရန်ဖြစ်ခဲ့တဲ့  ခိုတောင်ကျွန်း သူကြီးရဲ့သားနဲ့ အပေါင်းပါတသိုက် လက်ချက်လို့ ထိုင်းလူမှုကွန်ရက်တွေမှာ ပြောဆိုရေးသားခဲ့ကြပေမယ့်လည်း အခင်းဖြစ်တဲ့ညက အဲဒီနားမှာဂီတာတီးနေတဲ့ မြန်မာလူငယ် ၃ ဦးကို ရဲကဖမ်းလိုက်ပြီး ၁ ဦးကိုလွှတ်ပေးကာ  ဝင်းနဲ့ ဇော်ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

မြန်မာလူငယ် ၂ ဦးက သူတို့မသတ်ရကြောင်း၊ ရဲက နှိပ်စက်ပြီးအတင်းဝန်ခံခိုင်းတာဖြစ်ကြောင်းပြောဆိုပေမယ့်လည်း ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ သေဒဏ်ပေးလိုက်ပါတယ်။

မြန်မာလူငယ် နှစ်ဦးဟာ လူသတ်မှုကျူးလွန်ကြောင်းအထောက်အထားမခိုင်လုံတဲ့အတွက် သူတို့လွတ်မြောက်ဖို့ မြန်မာအလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ၊ မြန်မာသံရုံးနဲ့ ထိုင်းရှေ့နေများကောင်စီ၊ မြန်မာဥပဒေအကြံပေးအဖွဲ့တွေက  အောက်ခြေတရားရုံးမှ ဗဟိုတရားရုံးချုပ်ထိ အဆင့်ဆင့် အယူခံတင်သွင်းပေးခဲ့ပေမယ့်လည်း ပယ်ချခံရတာကြောင့် နောက်ဆုံးအဆင့် ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းတာ ဖြစ်ပါတယ်။

Photo- Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013