DVB Logo
Home
မြန်မာသတင်း
ထွန်တုံးတိုက်ပွဲဝင် အင်းလေးဒေသခံများ ရှောင်ပုန်းနေရ
DVB
·
June 11, 2013
ထွန်တုံးတိုက်ပွဲဝင် အင်းလေးဒေသခံများ ရှောင်ပုန်းနေရ
Donate to DVB

ရှမ်းပြည်နယ် အင်းလေးဒေသမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ တောင်သူတချို့ကို နယ်မြေခံရဲတွေက အချိန်မတော် ၀င်ရောက်ဖမ်းဆီးပြီး နောက်ပိုင်း တောင်သူတချို့ အိမ်မှာမနေရဲဘဲ ထွက်ပြေးပုန်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ နံနက် ၂ နာရီလောက်မှာ သူတို့ကို  နယ်မြေခံရဲတွေက လာရောက် ဖမ်းဆီးခဲ့တယ်။ ရွာသားတွေက ၀ိုင်းဝန်းတားဆီးကြလို့ ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း   လုံခြုံမှုမရှိသလို ခံစားရတဲ့အတွက် ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်းရွာသားတဦးက ခုလို ပြောပါတယ်။

[caption id="attachment_40474" align="alignleft" width="300" caption="ထွန်တုံးတိုက်ပွဲဆင်နွှဲစဉ်က"][/caption]

“ကျနော်က အခုတောထဲရောက်နေတယ်၊ သွားရှောင်နေတာ။ အခုက သူတို့က အတည်ဖမ်းမယ့်ပုံစံမျိုး ခြိမ်းခြောက်နေတာ။ ဥပဒေနဲ့လည်း ရင်ဆိုင်နေရတယ်၊ အဲကြားထဲမှာမှ လာဖမ်းတယ်ဆိုတော့ ဘယ်လိုပုဒ်မမျိုးနဲ့ဖမ်းလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျနော်တို့နေရာ၊ ရေ၊ မြေတွေလည်း အသိမ်းခံရသေးတယ်။ တရားစွဲလဲခံရတယ်။ နောက် ၀ရမ်းဘ၀နဲ့ ပြေးနေရသေးတယ်။ ဒါတွေကို အင်းလူကြီးတယောက်အနေနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ချစ်တဲ့စိတ်ရှိသူတယောက်အနေနဲ့ ဒါတွေပြေလည်အောင် ဆောင်ရွက်ပေးပါလို့။”

သူတို့အနေနဲ့ ဟိုတယ်စီမံကိန်းကို ကန့်ကွက်တာမဟုတ်ဘဲ အစားထိုးမြေတွေ ပြန်ဝယ်နိုင်ဖို့ တန်ရာတန်ကြေး ရလိုကြောင်း ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့က ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတွေက စာတင်ဖို့ ပြောထားပြီး ဥပဒေဘောင်ထဲကနေ ဆောင်ရွက်နေတုန်း  ခုလို ဖမ်းဆီးမှုတွေ ဖြစ်လာတာလို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းကြည့်ရာမှာ ရွာသားတွေက ဟိုတယ်စီမံကိန်းမြေပေါ်မှာ ခွင့်ပြုချက်မရဘဲ ပြီးခဲ့တဲ့ ဇွန် ၂  ရက်နေ့က ၀င်ရောက်ထွန်ယက်တဲ့အတွက် ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးတာ ဖြစ်ကြောင်း၊ အချိန်မတော် ၀င်ဖမ်းတာတော့  မဖြစ်သင့်ကြောင်း၊  ပုန်းအောင်းနေတဲ့ ရွာသားတွေလည်း   ဥပဒေကို ရင်ဆိုင်စေလိုကြောင်း ဆိုပါတယ်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့ ရွာသား ၇ ဦးကို လာဖမ်းတယ်လို့ သိရတယ်။ ပုံမှန် ၅၀၅ (ခ)နဲ့ ဖမ်းတယ်ဆိုတာ သိရတယ်။ ဖမ်းဆီးတာက သူတို့တာဝန်ဝတ္တရားပိုင်းဆိုတော့ ဘယ်လိုမှ ပြောဆိုလိုမှုမရှိဘူး၊ ဒါပေမယ့် ညအချိန်သွားဖမ်းတာတော့ မဖြစ်သင့်ဘူး။ နေ့အချိန် သွားဖမ်းပါ၊ အဲဒီအခါ အဖမ်းမခံလို့ အကြောင်းအမျိုးမျိုးကြောင့် ညဘက်ဖမ်းတယ်ဆိုရင် တမျိုးပေါ့။ ပြည်နယ်ဥပဒေချုပ်နဲ့ တွေ့ချိန်၊ ဥပဒေလမ်းကြောင်းအတိုင်းလုပ်ရင် ပြည်နယ်ဥပဒေချုပ်ကလည်း သူကူညီမယ်၊ တတ်နိုင်သလောက်လုပ်ပါ။ ရွာသားတွေဘက်ကလည်း ဥပဒေဘောင်အတွင်းကလုပ်ရင် အမှုကျေအေးပေးနိုင်တယ်ဆိုတဲ့ အနေအထားကတော့ ကောင်းတဲ့ အနေအထားပါ။”

အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စုထဲက မြေဧကပေါင်း ၆၀၀ ကျော်မှာ ပြည်နယ်အစိုးရက ဟိုတယ်စီမံကိန်းအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရောင်းချပေးခဲ့ပြီး  ဆုံးရှုံးမယ့် သီးနှံပင်တွေအတွက် ၃ နှစ်စာ လျော်ကြေးငွေ  ကျပ် သိန်းပေါင်း ၅ ထောင်ကျော်ကို ဒီနှစ်ဦးပိုင်းက ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရကပေးတဲ့ လျော်ကြေးဟာ သီးနှံအတွက်သာဖြစ်ပြီး အစားထိုး မြေကွက် ပြန်ဝယ်ဖို့ လုံးဝ မလုံလောက်ကြောင်း၊ အခြားအလုပ်အကိုင်နဲ့ ရင်းနှီးစားသောက်ဖို့လည်း မလောက်ငှတာကြောင့် ရွာသားတချို့က ငွေမထုတ်ဘဲ တန်ရာတန်ကြေး ရဖို့  တောင်းဆို ဆန္ဒပြနေတာဖြစ်တယ်လို့ ကန်ပဲ့ ရွာသားတဦးက ပြောပါတယ်။

အလားတူ ဧရာဝတီတိုင်း အင်္ဂါပူမြို့နယ် နွားခြံကျေးရွာအုပ်စုထဲမှာလည်း  စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေထဲဝင်ရောက်ပြီး ထွန်တုံးတိုက်ပွဲဝင်ရောက်စဉ်နွှဲတဲ့ လယ်သမားတွေထဲက ခေါင်းဆောင် ၆ ဦးကို ရဲက ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ရှောင်ပုန်းနေရတယ်လို့ လယ်သမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013