DVB Logo
Home
မြန်မာသတင်း
ဘဝလုံခြုံငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခံနေရသည့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးများ 
DVB
·
August 14, 2020
ဘဝလုံခြုံငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခံနေရသည့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးများ 
1 / 12
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးတွေရဲ့  ဘဝလုံခြုံင ငြိမ်းချမ်းရေးကို  ခြိမ်းခြောက်ခံနေရပါတယ်။

“အင်္ကျီအဝတ်အစား အဆင်မပြေသလို  အိပ်သာတက်ရတာလည်း အဆင်မပြေဘူး။ ပြီးလို့ရှိရင် ရေချိုးတာပေါ့။ လုံလုံခြုံခြုံမရှိဘူး”လို့ အမ်းမြို့မအားကစားကွင်း စစ်ဘေးရှောင်စခန်းနေ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသူ ချင်းတိုင်းရင်းသူလေး မမိုးမိုးမြင့်က ပြောပါတယ်။

အမ်းမြို့ပေါ်မှာ အစိုးရက တရားဝင်အသိအမှတ်ပြုဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း ၂ ခုအပြင် တခြားနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေအပါအဝင် ၅၀၀၀ ရှိပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပါတယ်။

အမ်းမြို့ဈေးရပ်ကွက်မှာ အိမ်ငှားနေထိုင်နေတဲ့ ကလေး ၅ ယောက်မိခင်ဖြစ်သူတစ်ဦးက “သူတို့ကို ကျောင်းထားဖို့ ဘာမှလည်းမရှိသေးလေ။ ကျောင်းစိမ်းတွေဘာတွေ၊ ဖိနပ်တွေ လွယ်အိတ်တွေ၊ ဝယ်ပေးရမှာကလည်း အဆင်မပြေဘူး။ မနက်မိုးလင်းရင် ရက်ကွက်ထဲသွား အလုပ်ရှာ အလုပ်ရမှ သုံးထောင်၊ ငါးထောင်ရမှ ဆန်ဝယ် ထမင်းချက်စားနေရတာပါ”လို့မိသားစုရဲ့ လက်ရှိ ဘဝရပ်တည်ရေး အခြေအနေတွေကို ရှင်းပြပါတယ်။

စစ်ဘေးရှောင်တွေအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖွင့်လှစ်ပေးတာ၊ ဝင်ငွေရလုပ်ငန်းတွေ   အိုင်ဒီပီစခန်းအတွင်း ဖန်တီးပေးတာနဲ့  အိုင်ဒီပီစခန်းပြင်ပမှာ အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးပါက နိုင်ငံတကာအကူအညီအပေါ် မှီခိုနေရတာ လျော့ကျလာမယ်လို့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်က အကြံပြုထားပါတယ်။

အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ မမီးမီးက “အစိုးရပိုင်းကတော့ အမျိုးသမီး တွေအတွက်သီးသန့်လုပ်ပေးတာတော့မရှိဘူး။ ညီမတို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့  စခန်းတာဝန်ခံတွေကနေပြီးတော့ သူတို့အတွက်လုပ်ပေးတာတွေတော့ ရှိပါတယ်။ အဓိက မိန်းခလေးတွေအတွက် သူတို့လိုအပ်ချက်တွေကိုကြည့်ပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်ပေါ့နော်။ ဒါပေမဲ့ တခါတလေ ကျတော့လည်း ညီမတို့မှာ ပိုက်ဆံမရှိတာတွေ ဘာတွေနဲ့ကျတော့လည်း ရှိတာပေါ့။ အမျိုးသမီးတွေအတွက် အစိုးရပိုင်းက ကူညီပေးတာတွေတော့ မရှိပါဘူး”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာထဲမှာတော့ ရေနဲ့ သန့်ရှင်းရေး အထူးသဖြင့်  အညစ်အကြေးစွန့်ပစ်ရေးအတွက်လိုအပ်တဲ့ အခြေခံအဆောက်အဦ တွေကို အဆင့်မြှင့်တင်ပေးရမယ်လို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်သူ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က “စခန်းထဲမှာရှိနေသူတွေကို ကျနော်တို့ပံ့ပိုးတဲ့အခါမှာ ဘယ်လိုဘယ်လောက်လိုအပ်နေလဲဆိုတာ စာရင်းဇယားလိုပါတယ်။ ဌာနဆိုင်ရာတွေမှာကလည်း စာရင်းဇယားနဲ့ တွက်ရတာကိုး။ အဲဒီတော့ အဲဒါတွေလိုအပ်ချက် ရှိကောင်းရှိနိုင်ပါတယ်။ ဒီစခန်းမှာ ဘယ်လိုအရွယ်တွေ ဘယ်လောက်ရှိတယ်။ ဘယ်လောက်လိုအပ်တယ်။ အဲလိုမျိုးစာရင်း တိတိကျကျလေး လိုပါတယ်။”လို့  ရှင်းပြပါတယ်။

နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားကဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ လိုအပ်တဲ့ လူ့အဖွဲ့အစည်း အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ  အပြည့်အဝပေးသွားနိုင်စေဖို့  မြန်မာနိုင်ငံအစိုးရအနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေ အတွက် အကြံပေးကော်မရှင်က အကြံပြုထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေအပါဝင် ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ အကောင်အထည်ဖော်မှုဟာ မရှိသလောက်ဘဲလို့ အမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မဆိုထားနဲ့ ခုတိုက်ပွဲတွေအကြားမှာ ပြေးနေကြရတာကြောင့်မို့လို့ ကျမတို့တွေသည် အသက်တွေတောင်မှ အာမခံချက်မရှိတဲ့ အခြေအနေတွေမှာဖြစ်ပါတယ်။”လို့ ဒေါ်ထုမေက မှတ်ချက်ပြုပြောပါတယ်။

သက်ကြီးရွယ်အို၊ မသန်စွန်းသူ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို  လူမျိုးရေးဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ဖို့၊  လူမှုဘဝမြှင့်တင်မှုတွေကို ဆောင်ရွက်ဖို့ဆိုပြီး လူမှုရေးကဏ္ဍမူဝါဒအဖြစ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)မှာ ၂၀၁၇ ခုနှစ် မေလက ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လက်မှတ်ရေးထိုးထားကြပါတယ်။

ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့ရဲ့ဥက္ကဋ္ဌ မစောစံငြိမ်းသူက ''ဒါက ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ အရမ်းဆက်စပ်တယ်။ အပစ်အခတ်ရပ်စဲရေးကာလကနေစပြီး အကောင်အထည်ဖော်ရ မယ့် ကိစ္စတစ်ခု ဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ရှိနေတာ တောင် ဒါကိုအကောင်အထည်မဖော်နိုင်ဘူးဆိုလို့ရှိရင် ကျမတို့မှာက အဲဒါတွေကို ဘယ်လို လုပ်မလဲပေါ့။ ရှိတော့ရှိနေတယ်။ ပျက်ကွက်နေတယ်။ ပျက်ကွက်နေတဲ့အပိုင်းတွေကို ဘယ်သူ တွေကတွန်းရမလဲဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ အထူးသဖြင့် အန်စီအေ လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့အဖွဲ့အစည်းတွေကပဲ တွန်းရမယ်။ အဲဒီအချက်က အရမ်းအရေးကြီးတဲ့အချက်ဖြစ်တယ်။”လို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ပါ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတာတွေကို ထောက်ပြပြောဆိုပါတယ်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိအမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အထူး အလေးထားတဲ့ ပထမဆုံးသောဆုံးဖြတ်ချက်တစ်ခုကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက၂၀၀၀ ပြည်နှစ်ကတည်းက အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီ ကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅မှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုပါဝင်မှု၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း ၊ကြိုတင်တားဆီးခြင်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေးစတဲ့ အချက်တွေပါဝင်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ဖို့ တာဝန်ရှိနေပါတယ်။

Photo - Kaung Mrat Naing/MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013