DVB Logo
Home
မြန်မာသတင်း
မြင်းကကုန်းရဲစခန်း၌ ဖမ်းဆီးစစ်ဆေးစဉ် အချုပ်သား ၁ ဦးသေဆုံးခဲ့မှု စုံခုံဖွဲ့စစ်ဆေးမည်
DVB
·
August 12, 2020
မြင်းကကုန်းရဲစခန်း၌ ဖမ်းဆီးစစ်ဆေးစဉ် အချုပ်သား ၁ ဦးသေဆုံးခဲ့မှု စုံခုံဖွဲ့စစ်ဆေးမည်
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းနယ်မြေရဲစခန်းမှာ သြဂုတ် ၉ ရက်က အချုပ်သားတစ်ဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံခုံဖွဲ့စစ်ဆေးသွားမှာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

မြင်းကကုန်းနယ်မြေရဲစခန်းမှာ သြဂုတ် ၇ ရက်က စတင်ကာ စက်လှေခိုးမှုနဲ့ မသင်္ကာ တဲ့အတွက် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အသက် ၂၇ နှစ် အရွယ် ကိုကျော်သက်ဦးဟာ သြဂုတ် ၉ ရက်မနက်ပိုင်းမှာ မြင်းကကုန်းတိုက်နယ်ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

“ဆေးရုံတင်တာအဲ့မှာ သေသွားတယ်လို့ပြောတယ်။ ကျန်တာကတော့ ဆေးစစ်ချက်ထွက် လာမှ သိမှာပါ၊ လူတစ်ယောက်သေသွားတာဆိုတော့ စုံစမ်းစစ်ဆေးတာတွေတော့ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။

စက်လှေခိုးမှုနဲ့ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေသူ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် တွေကို စုံစမ်းစစ်ဆေးတာတွေပြုလုပ်ဖို့အတွက် ဖျာပုံခရိုင်ရဲတပ်ဖွဲ့ကဦးစီးကာ စစ်ဆေးတာ တွေပြုလုပ်သွားဖို့ရှိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းကကုန်းနယ်မြေရဲစခန်းမှာ စစ်ဆေးခံရစဉ် ရဲတပ်ဖွဲ့ဝင် ၄ ဦးက ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့  သေဆုံးသူနဲ့အတူ ခိုးမှုနဲ့ မသင်္ကာလို့ဖမ်းဆီး စစ်ဆေးခံနေရသူနောက်တဦးဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“အခုက ကြမ်းပြင်မှာထိုင်လို့တောင် မရဘူး။ ခုံပေါ်ထိုင်ရတယ်ခု၊ အရိုးတွေဆို ခုထိနာနေ တုန်းပါ၊ သူတို့မေးတာတွေကို ကျနော်က မှန်တာပြောရင် လက်မခံဘူး၊ ပါးတွေကို ဖိနပ်တွေနဲ့ ရိုက်တာမျိုးတွေ လုပ်ပြီး စစ်တာ၊ သေသွားတဲ့ ကလေးက မိုးလင်းတဲ့ထိ အစစ်ခံရတာ၊ ကျနော် သေးထ ပေါက်ချိန်မှာ သူအော်တဲ့အသံကြားလိုက်ရလို့ သိတာ"လို့ ပြောပါတယ်။

ရဲစခန်းမှာ သူတို့နှစ်ဦးကို လက်နှစ်ဖက်ကို နောက်ဘက်ပို့ လက်ထိပ်ခတ်ထားပြီး ဒူးခေါင်းအောက်မှာ ကျောက်စရစ်ခဲထည့်ကာ နှိပ်စက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ရဲစခန်းမှာ ခိုးမှုနဲ့ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ သေဆုံးခဲ့တဲ့ ကိုကျော်သက်ထွန်းမှာ စစ်တပ်မှ ဆေးပင်စင်နဲ့ အနားယူပြီး ပြန်လာသူတစ်ဦးဖြစ်ပါတယ်။

သူသေဆုံးချိန် ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းတွေ စွဲနေတာမျိုးတွေရှိတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးတာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့  မိဘတွေနဲ့ ဒေသခံတွေက စွပ်စွဲပြောဆိုတာမျိုးတွေလည်း ရှိနေပါတယ်။

မြင်းကကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မျိုးထက်ကတော့ တရားခံကို  နှိပ်စက်စစ်ဆေးတာမျိုး မရှိခဲ့ကြောင်းနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သေလောက်တဲ့ အခြေအနေ အထိ ရိုက်နှက်စစ်ဆေးတာမျိုးတော့ မရှိပါဘူး။ ခုသတင်းတွေပျံနေသလို မဟုတ်ပါဘူး၊ လုပ်ထုံး လုပ်နည်းနဲ့ အညီစစ်ဆေးခဲ့ပါတယ်။”

ရဲတပ်ဖွဲ့မှာ အမှုဖွင့်ပြီးရင် အမှုပြန်ပိတ်လို့မရကြောင်းနဲ့ သူတို့ အနေနဲ့ အမှုမှန်ပေါ်ပေါက်ရင် တရားရုံးတင်ပြီး တရားစွဲဆိုရတာမျိုးဖြစ်ပြီး မပေါ်ပေါက်မှသာ အမှုပိတ်သိမ်းဖို့ တင်ပြပြီး ပိတ် သိမ်းရတာဖြစ်လို့ အမှုပိတ်ထားတဲ့လူတစ်ယောက်ကို စစ်ဆေးခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးခံရပြီး သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ မြင်းကကုန်း တိုက်နယ်ဆေးရုံမှ ဒေါက်တာစည်သူအောင်ကတော့ သေဆုံးသူနဲ့ ပတ်သက်ပြီး “ သူ့ဒဏ်ရာနည်း နည်းရှိပေမယ့် အဲ့ဒဏ်ရာတွေကသေလောက်တဲ့ ဒဏ်ရာတွေမဟုတ်ဘူး။ စစ်ဆေးနေတုန်းမလို့ အဲ့လောက်ပဲပြောလိုရသေးတယ်”လို့ ပြောပါတယ်။

သေဆုံးခဲ့သူရဲ့ မိခင် ဒေါ်စန်းစန်းဝင်းကတော့ သားဖြစ်သူ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အမှန်အတိုင်းပေါ်ပေါက်အောင် စစ်ဆေးဖော်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်လို့ ပြောဆိုပါတယ်။

ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မြင်းကကုန်းရဲစခန်းမှူး ရဲအုပ် ဇော်မျိုးထက်ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးသွားဖို့ အကြောင်းကြားလာတာမျိုးတွေ ရှိတယ်လို့ မြင်းကကုန်းရဲစခန်းမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013