DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်၌ တပ်မတော်က ဖမ်းဆီးသွားသည့် အမျိုးသား ၁ ဦးသေဆုံး
DVB
·
August 11, 2020
မြောက်ဦးမြို့နယ်၌ တပ်မတော်က ဖမ်းဆီးသွားသည့် အမျိုးသား ၁ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာသားတစ်ဦးကို တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး ၃ ရက်အကြာမှာ မြောက်ဦး ၃၇၇ တပ်ရင်းကနေ အလောင်းသယ်ထုတ်လာ ခဲ့ရတယ်လို့ မိသားစုတွေက ပြောပါတယ်။

သြဂုတ် ၇ ရက်က ပုဇွန်ဖေကျေးရွာနေ ဦးစံရွှေလှိုင် အသက် ၄၁ နှစ်ဟာ မြောက်ဦးမြို့ ရေဝေးသုဿန်မှာ အစ်ကိုဖြစ်သူရဲ့ နာရေးကို လိုက်ပို့ပြီး အိမ်အပြန် ည ၅ နာရီလောက်မှာ မြောက်ဦးမြို့ ထမ္မရာဇ်နဲ့ ပုဇွန်ဖေကျေးရွာအနားမှာ တပ်မတော်က ဖမ်းဆီးသွားတာလို့ ဦးစံရွှေလှိုင်ရဲ့ညီမ  ဒေါ်မပုချေက ပြောပါတယ်။

“အဲ့ဒီနေ့မှာ အစ်ကိုက နာရေးနေ့၊ အစ်ကိုကို သင်္ဂြိုဟ်ပြီးရင်အကုန်ပြန်ကြတယ်။ အစ်ကို စံရွှေလှိုင်က မပြန်သေးဘူး။ မိတ်ဆွေအိမ်မှာ ခဏနားအုံးမယ်လို့ပြောတယ်။ အဲ့ဒါနဲ့ အဲ့ဒီည ၅ နာရီမှ မြောက်ဦးကနေထွက်လာတယ်။ လမ်းမှာ စစ်တပ် ၃၇၇ ကနေ ဖမ်းဆီးသွားတာ၊ အလောင်းကိုတော့ မနေ့ညကရတယ်။ ၃၇၇ တပ်ရင်းကနေ အလောင်းကို လာသယ်ခိုင်းတာ”

သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၂ နာရီမှာ မြောက်ဦး ၃၇၇ တပ်ရင်းက ရဲတပ်ဖွဲ့ဝင်တွေကိုအ ကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့ကတဆင့် ဦးစံရွှေလှိုင်ရဲ့ အလောင်းကိုသယ်ထုတ်ဖို့ အကူအညီ တောင်းခံခဲ့တယ်လို့ မြောက်ဦးနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေက ကျနော်တို့ နာရေးရုံးကိုလာပါတယ်။ ၃၇၇ တပ်ရင်းမှာရှိတဲ့အလောင်း ကို သယ်ဖို့ပြောပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ရယ်။ ရဲတပ်ဖွဲ့ဝင်တွေရယ် သွားကြပါတယ်။ အဲ့ဒီကနေ ဆေးရုံကိုပို့ပါတယ်။ ၃ နာရီ လောက်မှာ ဆေးရုံကိုရောက်တယ်။ ဒဏ်ရာတွေကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးလေးကို ဖြစ်နေပြီ၊ မေးရိုးက လုံးဝကျိုးသွားပြီး၊ ဦးခေါင်းတွေက လည်း အကုန်ကွဲနေတယ်”လို့ပြောပါတယ်။

ဦးစံရွှေလှိုင်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်မှာ ဩဂုတ် ၇ ရက် ညနေ ၆ နာရီမှာ မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုရှိ တပ်ရင်းရဲ့ အမှတ်(၂) ဂိတ်တံခါးကို အမည်မသိသူတစ်ဦးက လာရောက်တွန်းဖွင့်နေတာကို တွေ့ရှိရလို့ လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိလို့  သေနတ်နဲ့ ၂ ချက် ခြောက်လှန့်ပစ်ခတ်ရာမှာ ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးရမိသူမှာ ဦးစံရွှေလှိုင် (၄၁ နှစ်)ဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကိုယ်ပိုင်အမှတ်AA-၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်းနဲ့ သူကို အသေးစိတ်ထပ်မံစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမှာဖြစ်ကြောင်း သြဂုတ်လ ၁၀ ရက်နေ့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒါပေမဲ့ မိသားစုတွေကတော့ ဦးစံရွှေလှိုင်ဟာ အေအေနဲ့ တစုံတရာဆက်စပ်မှုမရှိဘဲ တဖက်သက်စွပ်စွဲချက်သာ ဖြစ်တယ်လို့ ညီမဖြစ်သူ ဒေါ်မပုချေကပြောပါတယ်။

“ဘယ်လုပ်ပြီးဆက်စပ်မှာလဲ သူမှာ သမီးနှစ်ယောက်ရှိတယ်။ ဒီကလေးတွေနဲ့သူမှ နပန်း လုံးနေရတာလေ။ အဲ့ဒီတပ်ရင်းကိုသွားတယ် ဆိုတာလည်းဘာမှမဟုတ်ဘူး။ သေဆုံးသွားတဲ့ အစ်ကို အသုဘချတယ်။ ပြီးတော့ ပြန်လာကြတယ်။ အဲ့ဒီမှာစစ်သားတွေက ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်။ အကုန်မြင်လိုက်တယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကျောက်တော်မြို့အတွင်း ဘီယာဘူးခွံတွေလိုက်လံကောက်နေတဲ့ အသက် ၃၁နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားပြီး ၂ ရက်အကြာမှာ ခြေပြတ်လက်ပြတ်နဲ့ ကျောက်တော်မြို့ကစ္ဆနဒီတံတားမှာ ရှာတွေခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်စုချေ က သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013