DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ဆယ်တန်းစာမေးပွဲ ၄ ဘာသာဂုဏ်ထူးထွက်သူ ၆ ဦးရှိ
DVB
·
August 11, 2020
ကယားပြည်နယ်၌ ဆယ်တန်းစာမေးပွဲ ၄ ဘာသာဂုဏ်ထူးထွက်သူ ၆ ဦးရှိ
1 / 5
Donate to DVB

ကယားပြည်နယ်တစ်ခုလုံးမှာ ၂၀၁၉-၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၂၃၄၀ ဦး၊ အောင်ချက် ၂၉ ဒသမ ၆၀ ရာခိုင်နှုန်းနဲ့  ၄ ဘာသာဂုဏ်ထူးရှင် ၆ ဦးရှိပါတယ်။

၄ ဘာသာဂုဏ်ထူးရသူတွေအထဲမှာ ရှားတောမြို့နယ် သရီးဒါးကျေးရွာနေ ကယားတိုင်းရင်းသူ ဆော်မယ်လည်းပါဝင်ပြီး သူဟာ  ဝိဇ္ဇာဘာသာတွဲနဲ့ မြန်မာ၊ သင်္ချာ၊ ဓာတုနဲ့ ပထဝီဘာသာရပ်တွေ ဂုဏ်ထူးရရှိခဲ့တာဖြစ်ပါတယ်။

ဆော်မယ်ဟာ သရီးဒါးအထကမှာ သူငယ်တန်းကနေ ၈ တန်းအထိပညာသင်ယူခဲ့ပြီးမှ လွိုင်ကော်မြို့ပေါ် တယောက်တည်း ဘော်ဒါဆောင်မှာနေပြီး ပညာဆက်သင်ခဲ့တာပါ။

သရီးဒါအထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့စဉ်က ပညာရည်ထူးချွန်သူတဦးဖြစ်သလို တခြားဘက်မှာလည်း လိမ္မာရေးခြားရှိတဲ့အတွက် သူနဲ့နီးစပ်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းလူကြီးတွေက မြို့ကြီးမှာ ပညာသင်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဝန်ကြီးဦးတီရယ်ကရဲ့ ကမ်းလှမ်းချက်ကြောင့် လွိုင်ကော် အထက (၂)မှာတက်ရောက်ခဲ့တာ ဖြစ်ပြီး ဘော်ဒါဆောင်မှာနေရတဲ့အတွက် ကုန်ကျစရိတ်ကိုလည်း ဝန်ကြီးက တစ်ဝက်ကုန်ကျခံပေးကာ ကျန်တစ်ဝက်ကိုတော့ မိဘတွေက ကျခံပေးတယ်လို့လည်း ဆော်မယ်က ပြောပါတယ်။

“သမီးဆယ်တန်းတက်တဲ့အချိန်မှာ အမေက ကိုယ်ဝန်လွယ်ထားတယ်။ သမီးကို လာမကြည့်နိုင်ဘူး။ တနှစ်လုံးမိဘတခါမှ လာမကြည့်နိုင်ဘူး။ ဒါပေမဲ့ သမီးက အားတင်းထားတယ်။ တခုခုဆိုလို့ရှိရင် အမေက ရှိတာလေးကို ရောင်းပြီးမှ သမီးကိုပို့ပေးပါတယ်။ အဲလိုမျိုး၊ အမေက ပြောတယ် ပညာအမွေပဲပေးနိုင်တယ်။ တခြားအမွေဆိုရင်မပေးနိုင်ဘူး။ အဲလိုပဲ ပြောပါတယ်။”

ဆော်မယ်ရဲ့မိဘတွေဟာ တောင်ယာသာလုပ်ကိုင်စားသောက်ကြပြီး ငယ်စဉ်က ကျောင်းမနေခဲ့ရသလို ဗမာစကားကိုတောင် မပြောတတ်ကြပါဘူး။

သူတို့ရဲ့ မွေးသက္ကရာဇ်ကိုတောင် မသိရှိတဲ့အကြောင်းနဲ့ ငယ်စဉ်ကတည်းက တိုင်းပြည် မငြိမ်မသက်တိုက်ပွဲတွေကြားမှာ ပြေးလွှားကြရင်းနဲ့ ကြီးပြင်းလာခဲ့ရတယ်လို့  ဆော်မယ်ရဲ့မိခင်က  ကယားဘာသာစကားနဲ့ ပြောပါတယ်။

“ကျမငယ်ငယ်ကတည်းက မိဘနှစ်ပါးစလုံးမရှိတော့ဘူး။ ကျောင်းတက်ချင်ပေမယ့် သွားနေတဲ့အိမ်ရှင်ကလည်း မပို့ပေးနိုင်ဘူး။ ဆင်းဆင်းရဲရဲနဲ့ တအိမ်ပြီးတအိမ်လိုက်နေရတယ်။ စစ်ခေတ်မှာဆိုရင် ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ပဲကြီးလာတယ်။” 

သူတို့ကိုယ်တိုင် ပညာမတတ်၊ ဗမာစကားမပြောတတ်ပေမယ့် သားသမီးတွေကိုတော့ ပညာတတ်စေချင်တယ်လို့ ပြောပါတယ်။

“မိဘတွေကတော့ ဒီလိုပဲ ဟိုပြေးဒီပြေးနဲ့ ဆင်းဆင်းရဲရဲနဲ့ကျောင်းလည်း မနေခဲ့ရဘူးဆိုတော့ ဒီသားသမီးတွေကိုယ့်မိဘလိုမဖြစ်အောင် ဆင်းဆင်းရဲရဲ အလုပ်လုပ်အဆင်မပြေဘူး ဆိုရင်မစားရဘူး။ အဲဒါကြောင့် သားသမီးတွေ မိဘတွေလို မဆင်းရဲအောင်၊ ပညာမတတ်မှာစိုးလို့ ကြိုးစားကြ၊ပညာတတ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းတယ်” လို့ ပြောပါတယ်။  

သရီးဒါးကျေးရွာမှာ ၂၀၁၉-၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၅ ဦးရှိပြီး ဂုဏ်ထူးရရှိသူ ၃ ဦးရှိတယ်လို့ သရီးဒါးကျေးရွာ အထက ကျောင်းအုပ်ရဲ့ ပြောပြာချက်အရ သိရပါတယ်။

သရီးဒါးကျေးရွာကအထက ကျောင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ၁၃ ဦးရှိပြီး ၃ ဦးအောင်မြင်ခဲ့သလို ၂ ဦး ဂုဏ်ထူးရှိတယ်လို့ သရီးဒါးကျောင်းအုပ် ဆရာကြီး ဦးနေမင်းဦးက ပြောပါတယ်။

“ကျနော်တို့ အတွင်းဖြေ ၁၃ ယောက်ဖြေတဲ့အထဲမှာ ကျနော်တို့ကျောင်းသည် ၃ ယောက် အောင်မြင်ပါတယ်။ ၃ ယောက်မှာ ၂ ယောက်သည် ဂုဏ်ထူးပါပါတယ်။ ပထဝီက တယောက်၊ ပထဝီ၊ သမီးက ၁ ယောက်ဖြစ်ပါတယ်။ အောင်ချက်အနေနဲ့က ကျနော်တို့သရီးဒါးသည်  ၂၃  ဒသမ ၀၇ ရာခိုင်နှုန်းနဲ့အောင်မြင်ခဲ့ပါတယ်။ ”

၄ ဘာသာ ဂုဏ်ထူးရရှိတဲ့ သမီးငယ်ဆော်မယ်နဲ့နောက်တဦးကတော့ သရီးဒါးရွာမှာ နေပေမယ့် လွိုင်ကော်မြို့ပေါ်မှာတက်ရောက်ပညာသင်ယူ အောင်မြင်သူတွေ ဖြစ်ပါတယ်။

သရီးဒါးကျေးရွာဟာ အိမ်ခြေ ၇၈ လုံးရှိပြီး အထကကျောင်းခွဲအနေနဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တိုးချဲ့ခဲ့ပေမယ့် ဒသမတန်း (၁၀တန်း)  မရှိခဲ့ပါဘူး။  ၂၀၁၇ ခုနှစ်မှာတော့ ၁၀ တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်မှာ အောင်မြင်သူမရှိခဲ့ပါဘူး။

၂၀၁၈-၁၉ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၃ ဦးရှိလာသလို အခုနှစ်မှာလည်းအောင်မြင်သူ ရွာတွင်းကျောင်းက  ၃ ဦးနဲ့ လွိုင်ကော်ကျောင်းတက် ၂ ဦး စုစုပေါင်း ၅ ဦးရှိလာပါတယ်။

ဩဂုတ် ၉ ရက်က တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူတွေကို ကြေညာခဲ့ရာမှာ ကယားပြည်နယ်တွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၉၀၆ ဦးရှိတဲ့အထဲက   ၂၃၄၀  ဦး အောင်မြင်ခဲ့ပါတယ်။

အောင်မြင်သူတွေထဲမှာ ဂုဏ်ထူးရရှိမှု အနေနဲ့  လေးဘာသာ ၆ ဦး၊ သုံးဘာသာ ၂၂ ဦး၊ နှစ်ဘာသာ ၉၉ ဦး၊ တစ်ဘာသာ ၃၅၀ ဦးရှိပြီး အောင်ချက်အနေနဲ့က ၂၉ ဒသမ ၆၀ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013