DVB Logo
Home
မေးမြန်းခန်း
ခြုံပြီးပြောရရင် ရုပ်ရှင်လုပ်ငန်းက ကျဆင်းနေတယ် – ဦးလူမင်း
DVB
·
June 7, 2013
ခြုံပြီးပြောရရင် ရုပ်ရှင်လုပ်ငန်းက ကျဆင်းနေတယ် – ဦးလူမင်း
Donate to DVB

ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာကနေ အနား ယူသွားတဲ့ ဦးဇင်ဝိုင်းရဲ့တာဝန်တွေ ဇွန် ၇ ရက်နေ့မှာ ဦးလူမင်းကို လွှဲပြောင်း တာဝန်ပေး လိုက်ပါတယ်။ ဒီအတွက် ဦးလူမင်းက ဥက္ကဋ္ဌတာဝန်တွေကို ၁၀ လကြာ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာရုပ်ရှင်လောကရဲ့ အခြေအနေနဲ့ သူတာဝန်ယူမယ့်ကာလမှာ လုပ်ဆောင်သွားမယ့် အရာတွေနဲ့ ပတ်သက်ပြီး ဦးလူမင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီဆိုတော့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ရှေ့ဆက် ဘယ်လိုတိုးတက်အောင် လုပ်သွားမှာလဲ။

“အမှုဆောင်သက်တမ်းသစ်မှာ ကျနော် ရှေ့ဆက်လုပ်မယ့်အစီအစဉ်တွေ၊ လုပ်လက်စတွေ၊ လုပ်နေတုန်းတွေ ရှိပါတယ်။ အဲဒါတွေကို ဆက်ပြီး အကောင်အထည်ဖော်ရမှာပါ။ ရှေ့ဆက်လုပ်ရမယ့်ဟာတွေကိုလည်း စီအီးစီအဖွဲ့တွေနဲ့ အမှုဆောင်အဖွဲ့တွေ တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ။”

အခုလက်ရှိ မြန်မာ့ရုပ်ရှင်အနေအထား ဘယ်လိုသုံးသပ်ပါသလဲ။

“မြန်မာ့ရုပ်ရှင်မှာ ၂ ပိုင်းရှိပါတယ်။ ဗွီဒီယိုနဲ့ ရုပ်ရှင်ဆိုတာ ရှိပါတယ်။ အားလုံးခြုံပြီးပြောရရင် ရုပ်ရှင်လုပ်ငန်းက ကျဆင်းနေတယ်လို့ ယေဘုယျ သတ်မှတ်ရမှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ ရုပ်ရှင်၊ ဗွီဒီယိုလုပ်ငန်းတွေကို တိုးတက်ဖို့ဆိုတာထက် ပျက်စီးနေတဲ့ နှုန်းထားကိုပဲ ဆက်ပြီး မကြီးထွားလာအောင် နံပါတ် ၁ အဆင့်အနေနဲ့ ကျားကန်ပြီး ထိန်းသိမ်းတာကို လုပ်နေရပါတယ်။”

ကျဆင်းနေတာတွေကို တိုးတက်အောင် လုပ်ဆောင်သွားဖို့ ဦးလူမင်းအနေနဲ့ ဘယ်လိုများ အစီအစဉ်တွေ ရှိပါသလဲ။

“လတ်တလော ကျနော့်အစီအစဉ်တွေ ပြောရမယ်ဆိုရင်တော့ ဗွီဒီယိုနဲ့ ပတ်သက်ရင် ဗွီဒီယိုကွပ်ကဲရေးအဖွဲ့ဆိုတာလည်း ထပ်မံဖွဲ့စည်းထားတာ ရှိပါတယ်။ ဗွီဒီယိုဈေးကွက် ပျက်စီးနေတာတွေကို ကျနော်တို့ ဘယ်လိုထိန်းသိမ်း ကြပ်မတ်မလဲဆိုပြီးတော့ တိုင်းနဲ့ပြည်နယ်မှာ အခြေခံအဖွဲ့တွေကို ဖွဲ့စည်းသွားမယ်။ ဥပမာ ပြင်ဦးလွင်ဘက်မှာ ကျနော်တို့ ရုပ်ရှင်လောကသားတွေအတွက် ဗွီဒီယိုနဲ့ ရုပ်ရှင်လောကသားတွေအတွက် အသုံးပြုဖို့ ဧက ၃၀ လျာထားတဲ့အဆင့်တော့ ရောက်ပါပြီ။ အဲဒါကို ထဲထဲဝင်ဝင် ပိုင်ပိုင်နိုင်နိုင်ရှိအောင် ကျနော်တို့ ဆက်ပြီး ကြိုးစားသွားပါမယ်။ နောက်တခုက ခေတ်အဆက်ဆက် ကျနော်တို့ ရုပ်ရှင်လောကကို ငှားခဲ့တဲ့ ၀ဇီရာရုပ်ရှင်ရုံတွေဆိုတာ ရှိပါတယ်။ အဲဒါတွေကို အစည်းအရုံးအပိုင်အဆင့်ရအောင် ကြိုးစားပြီးတော့ အနုပညာနဲ့ ပတ်သက်တဲ့ နေရာဌာနလေး တခုဖြစ်အောင် ကျနော်တို့ လုပ်သွားပါမယ်။”

မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါသလဲ ခင်ဗျ။

“ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပေမယ့် အခုချိန်မှာ တယောက်ချင်း လုပ်နိုင်တဲ့ အနေအထား ရှိပါတယ်။ အဲဒီအပေါ်မှာလည်း အနုပညာရှင်တွေရော၊ ထုတ်လုပ်သူတွေရော၊ မူပိုင်ခွင့်ကို ရှေ့နေရှေ့ရပ်နဲ့ ကြေညာပြီး လုပ်တဲ့သူအရေအတွက်က လက်ချိုးရေလို့ရအောင် အင်မတန်နည်းပါတယ်။ ကျနော်တို့ဆီမှာ ဒီဥပဒေက တရားဝင်မထွက်သေးတော့ အဲဒီအပေါ်မှာ ခေတ်အဆက်ဆက်ကလည်း မလုပ်ခဲ့တော့ တချို့ကျတော့လည်း ဒီဟာကို လုပ်ရမယ်ဆိုတာ သိလျက်သားနဲ့ လုပ်ဖို့ အလှမ်းဝေးနေတာတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒါကတော့ တနေ့နေ့ တချိန်ချိန်မှာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။”

တခြားဘာများ ဖြည့်စွက်ပြောလိုတာ ရှိပါသေးလဲ။

“ဖြည့်စွက်ပြောချင်တာက ဥက္ကဋ္ဌနေရာကို နေရာယူတာမဟုတ်ဘူး၊ တာဝန်တွေကို လွှဲပြောင်းယူထားတာပါ။ ကျနော် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း အခုချိန်မှာ ရိုက်ကူးရေးတွေက အဆက်မပြတ် ရှိနေတဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျနော့်အတွက် အချိန်ပိုင်းဆိုင်ရာ စိန်ခေါ်မှုက ကြီးပါတယ်။ အဲဒီဟာကို နိုင်နိုင်နင်းနင်းဖြစ်အောင် ကျနော့်ရဲ့ အချိန်တွေကို စီမံခန့်ခွဲပြီး ကျနော်တာဝန်ယူရတဲ့ အခု ကျနော်တို့ သက်တမ်း ၁၀ လလောက်ပဲ အချိန်ကျန်ပါတယ်။ အဲအချိန်အတွင်းမှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ လုပ်သွားမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013