DVB Logo
Home
အာရှဒေသ
ဗီယက်နမ်က လူကြိုက်အများဆုံး ဂေးတွေဘ၀ ရုပ်ရှင်
DVB
·
June 7, 2013
ဗီယက်နမ်က လူကြိုက်အများဆုံး ဂေးတွေဘ၀ ရုပ်ရှင်
Donate to DVB

ဗီယက်နမ်နိုင်ငံမှာ မကြာခင်က "“My Best Gay Friends” - အကောင်းဆုံးဂေးမိတ်ဆွေများ" ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၁ သန်းနီးပါး ရှိသွားပါတယ်။ ဟိုချီမင်းစီတီးရဲ့ တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ တိုက်ခန်းမှာ ပေါင်းနေကြတဲ့ လူ ၃ ယောက်အကြောင်း ကုန်ကျစရိတ် နည်းနည်းနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါ၊

ဗီယက်နမ်လူငယ်တွေရဲ့ဘ၀ကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတွဲပါ၊ ထူးခြားတာက ဇာတ်လမ်းထဲမှာ ဇာတ်ကောင်စရိုက်တွေအများစုက မိန်းကလေးချင်း စိတ်ဝင်စားသူ၊ ယောက်ျားချင်း မေတ္တာသက်ဝင်သူ၊ လိင်ပြောင်းထားသူနဲ့ လိင်စိတ်နှစ်ခွ ရှိသူတွေ ဖြစ်နေတာပါ။

ဒီဇာတ်လမ်းကို ပုံဖော်သူကတော့ ဟိုင်းငုယင်ဒင်းကို ဆိုတဲ့ အသက် ၂၂ အရွယ် လူငယ်လေး တယောက်ပါ။ ဟာသဇာတ်လမ်းမှာ သူပဲ ဒါရိုက်တာ၊ သူပဲ ထုတ်လုပ်သူ၊ သူပဲ ဇာတ်ညွန်းရေးသူ၊ သရုပ်ဆောင် ဖြစ်ပါတယ်။

လိင်တူစိတ်ဝင်စားသူတွေရဲ့ ဘ၀ဟာ သာမန်လူတွေရဲ့ ဘ၀တွေလိုပဲ ဆိုတာကို မီးမောင်းထိုးပြချင်တာလို့ ဆိုပါတယ်။

"ဒီဇာတ်လမ်းကို ကြိုက်တဲ့ လူတွေထဲမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေလည်း အများကြီး ပါနေပါတယ်။ အရင်တုန်းက ဂေးတွေကို အမြင်ကပ်ခဲ့ပေမယ့် ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာတော့ အမြင်တွေ ပြောင်းသွားတယ်။ ဂေးတွေကို မမုန်းတော့ဘူးလို့ ပြောကြတယ်။"

ဗီယက်နမ်မှာ ဒီလို ဇာတ်ကောင်စရိုက်တွေနဲ့ ဇာတ်လမ်းတွဲက  ပွဲဦးထွက်လို့ ဆိုနိုင်ပါတယ်။ လူကြိုက်များတာကို ကြည့်ခြင်းအားဖြင့်လည်း လိင်တူနှစ်သက်တဲ့ အုပ်စုတွေအပေါ် အမြင်ပြောင်းလဲလာတဲ့ လက္ခဏာပါ။ လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမူကြမ်းကို အတည်ပြုဖို့ အစိုးရ စဉ်းစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဇာတ်လမ်းကို ဟာသအခန်းတွေနဲ့ ဖွင့်ထားပြီးနောက် အိမ်က ထွက်ပြီးနောက် အပြင်မှာ နေစရာရှာလေ့ရှိတဲ့ လူငယ်တွေရဲ့ ပုံမှန်ဘ၀တွေနဲ့ ဇာတ်အိမ်ဖွဲ့ ထားပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဇာတ်မြူးကနေ လေးနက်တဲ့ အပိုင်းကို ပြောင်းလာပါတယ်။ မိဘတွေ ရောက်လာပြီး ဂေးဖြစ်နေတဲ့ သားကို စည်းကမ်းတွေ ထုတ်တာတဲ့ ဇာတ်ကွက်မျိုးတွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီအဖြစ်က ဒါရိုက်တာ ငုယင်ဒင်ကိုရဲ့ ဖြစ်ရပ်မှန်ပါ။

"မိဘတွေက ကျနော်ကို ဂေးမဖြစ်အောင် စည်းရုံးကြတာပေါ့။ နည်းလမ်းရှာကြတာပေါ့။ ကျနော်ဘ၀ကို ထိန်းချုပ်ဖို့ ကြိုးစားကြတာပေါ့။ ဒါပေမယ့် ၆ နှစ်ကြာတော့ သူတို့လည်း လက်ခံလိုက်ကြတယ်။"

ဗီယက်နမ်မှာ လိင်တူချင်းမေတ္တာမျှတာ တရားမ၀င်ပါဘူး။ ရှေးရိုးစွဲ ဗီယက်နမ်လူ့အဖွဲ့အစည်းက လက်မခံဘဲ ခွဲခြားဆက်ဆံတာနဲ့ ကြုံရလေ့ ရှိပါတယ်။

"တော်တော်များများက ဂေးဖြစ်နေတယ်ဆိုတာကို မိဘတွေကို ၀န်ခံဖို့ ကြောက်နေကြတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရုပ်ရှင်လည်း ကြည့်ပြီးရော  မိဘတွေကို အမှန်အတိုင်း ၀န်ခံဖို့ သတ္တိရှိလာကြတယ်။"

ဗီယက်နမ်မှာ အရင်တုန်းက ဂေးဇာတ်ကောင်ကို အခြေခံတဲ့ ရုပ်ရှင်တွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ လိင်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ “Lost in Paradise” ရုပ်ရှင်မျိုးပါ။

ဒါပေမယ့် “My Best Gay Friends” ရုပ်ရှင်က ထူးခြားတယ်လို့  ဗီယက်နမ် LGBT  အသိုင်းအ၀ိုင်းက စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချိရေး ညွန်ကြားရေးမှူး Tran Khac Tung က ဆိုပါတယ်။

"အရင်တုန်းကလည်း LGBT ဇာတ်ကောင်တွေပါတဲ့ ရုပ်ရှင်တချို့ကို ကြည့်ဖူးပါတယ်။ စိတ်ထိခိုက်စရာနဲ့ ခက်ခဲတဲ့ ဘ၀အကြောင်းတွေပေါ့၊ ဒါပေမယ့် ဒီဇာတ်ကားကို ကြည့်ရတာကတော့ စိတ်သက်သာရာရတယ်၊ ရယ်စရာ ပျော်စရာတွေနဲ့ ဆိုတော့။"

ဒီရုပ်ရှင်ဖြစ်လာပုံကလည်း ထူးခြားပါတယ်။ ဒါရိုက်တာ ငုယင်ဒင်းကိုက သူ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး အပျော်သဘောနဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းထဲမှာ ငွေရောင်ဆံပင်နဲ့ ထရန်းငုယင်ကင်ဟန်းက ဒေါသကြီးတဲ့ မြေပိုင်ရှင်ကြီးအဖြစ် သရုပ်ဆောင်ပါတယ်။ သရုပ်ဆောင် အတွေ့အကြုံ မရှိပေမယ့်၊ ရုပ်ရှင်ထွက်လာတာနဲ့ သူလည်း နာမည်ကျော် ဖြစ်သွားတဲ့ အကြောင်း သူက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

"ဒီနှစ်ဦးပိုင်းမှာ ကျနော် ပရိသတ်တွေက ကျနော် အလုပ်လုပ်တဲ့နေရာကို လာပြီးတော့ လက်ဆောင်တွေ ပေးတယ်၊ မုန့်တွေ၊ သကြားလုံးတွေ၊ ပန်းတွေ လာပေးကြတယ်။ လမ်းသွားရင်းနဲ့လည်း ပရိသတ်တွေနဲ့ ဆုံတတ်တယ်၊ သူတို့က မှတ်မိတယ်လေ၊ အော်ပြီးတော့ နှုတ်ဆက်ကြတယ်။"

ဒါရိုက်တာ ငုယင်ဒင်းကတော့ ဇာတ်လမ်းထဲမှာ ၇၀ ရာခိုင်နှုန်းက ဖြစ်ရပ်မှန်တွေလို့ ပြောပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ အပိုချဲ့ကားတာတွေ အိုဗာအိုက်တင်တွေ များနေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဇာတ်ကောင်တယောက်ဖြစ်တဲ့ ငုယင်မင်းထန်က သဘာဝကျကျပဲ သရုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

"အရင်ဆုံးတော့ အံ့ဩတယ်။ ရည်ရွယ်ချက်တွေ အားလုံးက ကောင်းပါလျက်နဲ့ အဆိုးမြင်ပြီး ဝေဖန်မယ်လို့ မထင်ဘူးလေ၊ ဒါကြောင့် အံ့ဩတာပေါ့။"

ဇာတ်လမ်းတွဲကို အပိုင်း ၁၅ ပိုင်းနဲ့ ရိုက်ကူးဖို့ ရှိပြီး ၁ တွဲနဲ့ပဲ အပြီး တင်ဆက်ဖို့ ရှိပါတယ်။

ဒါရိုက်တာကတော့ သူ့ဇာတ်လမ်းကို ဂီတမြိုင်မြိုင်နဲ့ အပေါင်းလက္ခဏာ ဇာတ်လမ်းနဲ့ပဲ တင်ဆက် သွားမယ်လို့ ပြောပါတယ်။

"တခြား ရုပ်ရှင်တွေနဲ့ မယှဉ်ရဲပါဘူး။ ဒါပေမယ့် အများအားဖြင့် ဂေးတွေအကြောင်းကို ရိုက်လိုက်ရင် ဒုက္ခတွေအကြောင်းပဲ ရိုက်ကြတာများတယ်။ တကယ့်လက်တွေ့ဘ၀မှာ ဒီလိုမဟုတ်ပါဘူး။"

"သူတို့လည်း တခြားလူတွေနဲ့ အတူတူပါပဲ၊ ပျော်ပျော်နေကြပါတယ်၊ ဂေးတွေကျမှ ဘာဖြစ်လို့ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရမှာလဲ။"
( With First Gay Sitcom, Vietnam Takes Another Step Forward by Lien Hoang, Ho Chi Minh, Vietnam)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013