DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်းကုန် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ဆက်လုပ်ခွင့်ပြုမည် 
DVB
·
August 7, 2020
ထိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်းကုန် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ဆက်လုပ်ခွင့်ပြုမည် 
Donate to DVB

အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွေ့ပြောင်းလုပ်သားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်ပါတယ်။ 

ကိုဗစ်-၁၉ ဂယက်ကြောင့် အလုပ်လုပ်ခွင့်သက်တမ်းကုန်ပေမယ့် နေရပ်ပြန်လို့ မရသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ရော၊  ထိုင်းနိုင်ငံမှာ အခြေခံ အလုပ်သမား လိုအပ်ချက်တွေရှိနေတဲ့အခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ပါ အလုပ်သမားဝန်ကြီး ဌာနက တင်ပြလာတဲ့ အဆိုပြုချက်ကို ဩဂုတ် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းအစိုးရဝန်ကြီးများ အဖွဲ့ အစည်းအဝေးက သဘောတူခဲ့တယ်လို့ ထိုင်းဝန်ကြီးများရုံးရဲ့ ဒု ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ရာ့ချ်ဒါး ထနာဒီလက်က သတင်းစာရှင်းလင်း ပြောပါတယ်။ 

၂၀၂၂ ခုနှစ်ထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုသွားမယ့် သူတွေထဲမှာ  အုပ်စု (၂)စု ပါဝင်ကြောင်း ၊   ပထမအုပ်စုထဲမှာ နေထိုင်ခွင့် ၄ နှစ်ပြည့် အမ်အိုယူလုပ်သားတွေ၊ (၃၀/၉/၂၀၁၉ မှ ၃၀/၀၆/၂၀၂၀ ) အတွင်း အလုပ်လုပ်ခွင့်သက်တမ်းကုန်သွားတဲ့ ပီဂျေပတ်စပို့စာအုပ် သို့မဟုတ် မည်သူမည်ဝါ ဖြစ်ကြောင်းထောက်ခံချက်ရထားတဲ့ အစိမ်းရောင်စာအုပ် ကိုင်ဆောင်သူတွေပါဝင်ပြီး စုစုပေါင်း ၆၄၉၀၄၆ ဦးရှိတယ်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ ဒီနှစ် ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ကာလအတွင်း  သက်ဆိုင်ရာခရိုင်အလုပ်သမား ရှာဖွေခန့်ထားရေးရုံးတွေမှာ သွားရောက်ဆက်သွယ်ပြီး အလုပ်လုပ်ခွင့် လျှောက်လွှာတင်ခြင်း၊  ကျန်းမာရေးဆေးစစ်ခြင်း၊  ဗီဇာတုံး ထုခြင်း စတဲ့ အစီစဉ်တွေ ဆောင်ရွက်ပြီးတာနဲ့ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ နေထိုင်လုပ်ကိုင်ခွင့်ရ ရှိမှာဖြစ်ပါတယ်။

ရှေ့ဘက်က အလုပ်သမားကိုယ်ရေးရာဇဝင်နဲ့ ကျောဘက်က အလုပ်လုပ်ခွင့်ရ အချက်အလက်ဖော်ပြထားတဲ့  သက်သေခံကတ်ပြားတွေကိုတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ အပြီး ထုတ်ပေးဖို့ လည်း ပါဝင်ပါတယ်။ 

၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ အလုပ်ဆက်လုပ်ခွင့်ပြုမယ့် ဒုတိယ အုပ်စုကတော့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်ပြီး လုပ်သား ဦးရေ ၉၂၅၇၂ ဦးရှိကြောင်း၊ သူတို့သည်လည်း ဒီနှစ် ၂၀၂၀ အောက်တိုဘာ၃၁ ရက်နေ့ နောက်ဆုံးထားပြီး  သက်ဆိုင်ရာအလုပ်သမားရုံးမှာ အလုပ်လုပ်ခွင့်လျှောက်ထားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံကတ် ဝယ်ယူခြင်းတွေ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ 

ဒီအုပ်စု ကတော့ အလုပ်လုပ်ခွင့် တကြိမ်ကို ၃ လ ခွင့်ပြုပြီး ဆက်ပြီးအလုပ်လုပ်မယ်ဆိုရင် ၃ လမပြည့်ခင် ကြိုတင်သွားပြီး သက်တမ်းတိုးဖို့၊ အလုပ်လုပ်ခွင့်ကို ဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့ကစ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ 

အလုပ်ရှင်ဟောင်းကနေ ထွက်ခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်သစ်သို့ မပြောင်းရ သေးသူတွေလည်း သွားရောက်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီအစီအစဉ်ဟာ ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းအစိုးရက ရွှေ့ ပြောင်းလုပ်သားတွေအတွက် အထူးခွင့်ပြုလိုက်တဲ့အစီအစဉ်ဖြစ်လို့ ကြိုဆိုတယ်လို့ ပြောပါတယ်။ 

“အခုလိုမျိုး အစိုးရတွေက အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီးတော့မှ အလုပ်သမားတွေရဲ့ အရေးအလုပ်ရှင်တွေရဲ့အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီ ပေးတဲ့အနေအထား ဒီလို အခွင့်အရေးမျိုးဆိုတာကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကြောင့် ထွက်လာတာပါ။ အခုလို အစိုးရက တရားဝင်နေထိုင်ခွင့်သက်တမ်းတိုး ပေးလိုက်တဲ့အခါမှာ သွားလုပ်ကြဖို့။ အခွင့်အရေးပေး တဲ့အခါ သွားမလုပ်ဘဲ တရားမဝင်ပုံစံမျိုး ဆက်နေမယ်ဆိုရင် နောက်နောင်သူတို့ စစ်ဆေးအရေးယူ တဲ့ခါမှာ ကိုယ်ကဒုက္ခဖြစ်မယ်။ ဒါကြောင့် မဖြစ်မနေ ဥပဒေနဲ့ အညီသွားလုပ်ကြဖို့ တိုက်တွန်းလို ပါတယ်။”

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာလ ပိတ်ဆို့မှုတွေကြောင့် စက်ရုံအလုပ်ရုံတချို့ ရပ်နားထားပြီး မြန်မာရွှေပြောင်းအလုပ်သမား ၁ သိန်းကျော်လည်း နေရပ်ပြန်သွားခဲ့ကြပါတယ်။ 

လက်ရှိ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းလာတာကြောင့် အစိုးရက စည်းကမ်းချက်တွေ ဖြေလျှော့ပေးပြီး စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဝင်ရောက်လာမယ့် နယ်စပ်ဂိတ်ပေါက်တွေ  ပြန်မဖွင့်သေးတာကြောင့် အလုပ်သမား လိုအပ်မှုတွေလည်းရှိနေတာပါ။ 

ကိုးကား- Matichon

ကိုးကား - https://www.matichon.co.th/politics/news_2293696

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013