DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင်ဆွေးနွေး
DVB
·
June 6, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင်ဆွေးနွေး
Donate to DVB

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

နေပြည်တော် အမ်အိုင်စီစီမှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် အကြိုဆွေးနွေးပွဲမှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့် -မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အချေအတင်ဆွေးနွေးပွဲကို ဘီဘီစီအသံလွှင့်ဌာနက ကမကထမပြုလုပ်ဆောင်ပါတယ်။

အချေအတင်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပြီး ကနဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သေးခင် အခန်း ၁၂ ပါ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတာကို အရင်ပြင်ဆင်ရမယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် အခန်း ၁၂ မှာ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်က သဘောတူညီဖို့လိုသလို  ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမှ ပြင်ဆင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာကြောင့် လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းယူထားတာကြောင့် ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့ အခက်ဆုံးဖွဲ့စည်းပုံလို့ ဝေဖန်ခံနေရတာပါ။

ဒီထောက်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူလုပ်တဲ့ဖွဲ့စည်းပုံဟာ ပြင်လို့ရတာချည်းပါလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ဒေါ်ဇင်မာအောင်က တုံ့ပြန်ရာမှာ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အတွက် ဖွဲ့စည်းပုံပြင်ရေး၊ မပြင်ရေးကို ဗီတိုအာဏာပိုင်ထားသလို ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး နောက်ကြောင်း ပြန်လှည့်မလှည့်နဲ့ပတ်သက်ပြီးတော့ ဦးစိုးသိန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ကိုးကားပြီးတော့ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့အကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နောက်ကြောင်းပြန်လှည့်၊ မလှည့်ကတော့ စိတ်သဘောထားတွေပေါ်မှာ မူတည်နေတဲ့အကြောင်း လူတွေရဲ့ခံယူချက်နဲ့ ဖြစ်စဉ်အပေါ်မှာ ယုံကြည်ချက်ပေါ်မှာ မူတည်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်ဇင်မာအောင်ကတော့ စက်ဝိုင်းအတွင်းမှာ ပတ်ပြေးနေတဲ့ လူတယောက်ကို ဥပမာပေးပြီး နောက်ပြန်လှည့်၊ မလှည့်ကို ပြောဆိုပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဦးစိုးသိန်းကတော့ အရင်က ဘာမဆိုစစ်တပ်က လုပ်ခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအစိုးရလက်ထက်ကို ရောက်နေပြီဖြစ်သလို ဖြည်းဖြည်းချင်းပြောင်းနေတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ဟာ ပြည်သူလူထုရဲ့ နှလုံးသားထဲက အထူးနေရာတခုမှာ ရှိစေချင်သလို စစ်တပ်ကို စစ်တပ်ပီသပြီး တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်နိုင်စေချင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တကယ်ရိုးသားပွင့်လင်းတယ်ဆိုရင် အပြောင်းအလဲဟာ ဘယ်တော့မဆို ဖြစ်နိုင်သလို တပ်မတော်သားတွေလည်း တိုင်းပြည်ကိုချစ်တယ်ဆိုတာ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြောင်းအလဲနဲ့ပတ်သတ်ပြီးတော့ ကျွမ်းကျင်သူတွေကတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ထားသလို ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး၊ စတင်ပြင်ဆင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝန်ကြီးဦးစိုးသိန်းက အခြေခံဥပဒေဟာ လူသားတွေက ရေးဆွဲထားတာဖြစ်ပြီးတော့ အမြဲတမ်းတည်တံ့နေတဲ့အရာ မဟုတ်တဲ့အတွက် လူတွေက ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ နိုင်ငံသားဖြစ်ရေးကိစ္စတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို ရခိုင်ပြည်နယ်အပါအ၀င် တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်ချက်ကို ကနဦးဆုံးလုပ်ဆောင်ရမှာကို ပြောဆိုခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ချက်ကို  ထည့်သွင်းပြောဆိုပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက တရားစီရင်ရေးမှာ လွတ်လပ်မှုရှိတယ်လို့ ပြောဆိုတဲ့အပေါ် မြန်မာပြည်ရဲ့ တရားစီရင်ရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စိုးမိုးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သူတို့ အစိုးရဟာ ၂ နှစ်သာသာ သက်တမ်း ရှိသေးတဲ့အစိုးရဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ရာမှာ စွမ်းရည်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒီကနေ့ စီးပွားရေး ဖိုရမ်အကြို ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပြောခွင့်ရ သူရဦးရွှေမန်း၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေ သတင်းမီဒီယာသမားတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးသမားတွေ တက်ရောက်ပြီးတော့ တနာရီကျော်ကျော် အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013