DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ ရခိုင်စစ်ဘေးရှောင်များ စိတ်ဝင်စားမှုနည်း
DVB
·
August 7, 2020
၂၀၂၀ ရွေးကောက်ပွဲ ရခိုင်စစ်ဘေးရှောင်များ စိတ်ဝင်စားမှုနည်း
Donate to DVB

လာမယ့် နိုဝင်ဘာလကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်ပြည်သူတွေ စိတ်ဝင်းစားမှု နည်းပါးနေကြပါတယ်။

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ဘူးသီးတောင်မြို့ပေါ် စစ်ဘေးရှောင်နေထိုင် နေတဲ့ ဦးမောင်ခိုင်စိန်က "ကျနော်တို့က ထွက်ပြေးနေရတဲ့သူတွေဆိုတော့ ဒီကိစ္စတွေ ဘာမှ  စဉ်းစားဖို့ အချိန်မရဘူး။ မိမိနေရပ်ကို ဘယ်အချိန်ပြန်ခွင့်ရမလဲဆိုတာပဲ မျှော်နေရတာ။ ရွေးကောက်ပွဲလည်း စိတ်မင်စားဘူး" လို့ ​ ပြောပါတယ်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ မသန်းယဉ်က “ရွေးကောက်ပွဲ ဘယ်အချိန်မှာကျင်းပမယ် ဆိုတာကို မသိသလို မဲစာရင်းတွေ ဘယ်မှာ ကပ်ထားသလဲဆိုတာလည်း မသိရှိကြောင်း စားဝတ်နေရေးနဲ့ မိမိကျေးရွာကို ဘယ်တော့ ပြန်ခွင့်ရမလဲ ဆိုတာကိုသာ စဉ်းစားနေရတဲ့အတွက် ရွေးကောက်ပွဲကိုလည်း စိတ်မဝင်စားနိုင်ဘူး”လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှ ဦးသောကြာထွန်း ကတော့ "ကျနော်တို့ စစ်ဘေးရှောင်တွေ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အလွန်နည်းပါတယ်။ ဘာအတွက်လဲလို့ ဆိုရင် ကိုယ့်နေရာ ကိုယ့်ဒေသမှာ နေနေရတာ မဟုတ်ဘူး။ စစ်ဘေးရှောင်နေရတဲ့အခါ ဘယ်မှာ မဲထည့်ရမလဲ ဆိုတာလည်း မသိဘူး။ ကိုယ်နေရာကိုယ်ဒေသကို ရောက်မှပဲ ဆန္ဒမဲထည့်မယ်လို့ စဉ်းစားထားပါတယ်"လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေမှာ တနေ့တနေ့ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး  ပြေလည်ရေးအတွက်သာ စဉ်းစားနေကြရပြီး ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေသလို ရွေးကောက်ပွဲကို မသိရှိသူတွေလည်း ရှိနေကြတာပါ။

သူတို့ဟာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တာ ၁ နှစ် ကျော် ကြာမြင့်လာပါပြီဖြစ်လို့ ကိုယ့်ဒေသ ရပ်ရွာကိုသာ ပြန်ချင်နေကြပြီး စစ်ဘေးရှောင်စခန်းတွေမှာ မပျော်နိုင်ကြဘဲ အိမ်ပြန်ရမယ့်အချိန်ကို မျှော်နေကြတာပါ။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက "ကျနော်တို့ ရခိုင်ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ကိုယ်တိုင်က ပြည်သူတွေအတွက် ဘာမှ မပြောနိုင်ဘူး၊ ဘာမှ မလုပ်ပေးနိုင်ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ကျနော်တို့ကို မဲပေးပါလို့ ကျနော်တို့ ဘယ်လိုသွားပြောမလဲ။ နောက်ပြီးတော ပါတီနိုင်ငံရေးအနေနဲ့ ရခိုင်ပြည်သူ တွေကို ဘာလုပ်ပေးပြီလဲ။ အခုဆို ရွေးကောက်ပွဲ နှစ်ခါနိုင်ခဲ့ပြီးပြီ။ ပြည်သူအတွက်ဘာမှ လုပ်မပေးနိုင်သေးဘူး။ ဒီလိုအခြေအနေမှာမှ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်ဆိုတာက ရယ်စရာလို ဖြစ်နေတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ လောက် နေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စခန်း  ၂၀ ကျော် ရှိနေတာပါ။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊  မြတောင်ကျောင်း စစ်ဘေးရှောင်စခန်းနဲ့ အစိုးရဖွင့်လှစ်ထားတဲ့ မြောင်းနား စစ်ဘေးရှောင်စခန်းတွေမှာ  စစ်ဘေးရှောင် ဦးရေ စုစုပေါင်း၁၃၀၀၀ ကျော်နေထိုင်ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘူးတောင်မြို့မှာ မဲရုံ ၁၀၉ ရုံ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၁၃ ရုံ ဖွင့်လှစ်ဖို့ လျာထားကာ  လက်ရှိ ဘူးသီးတောင်မြို့နယ်မှာ မဲဆန္ဒရှင်ဦးရေ ၃၀၀၀၀ ကျော်ကောက်ယူရရှိထားပြီး စစ်ဘေးရှောင်တွေအတွက်  သီးသန့်မဲရုံ ဖွင့်လှစ်သွားဖို့ မရှိဘူးလို့  ခရိုင်ကော်မရှင်ရုံးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013