DVB Logo
Home
မေးမြန်းခန်း
လယ်ယာမြေမှတ်ပုံတင်ရေး ၀န်ထမ်းမလုံလောက်- ဒေါက်တာစိုးထွန်း
DVB
·
June 6, 2013
လယ်ယာမြေမှတ်ပုံတင်ရေး ၀န်ထမ်းမလုံလောက်- ဒေါက်တာစိုးထွန်း
Donate to DVB

ပြဋ္ဌာန်းပြီးဖြစ်တဲ့ လယ်ယာမြေဥပဒေအရ လယ်ယာမြေမှတ်ပုံတင်ရေးကို ဆောင်ရွက်ပေမယ့် ၀န်ထမ်းအင်အားမလုံလောက်မှုနဲ့ စာရွက်စာတမ်း မလောက်ငမှုတွေကြောင့် နှောင့်နှေးကြန့်ကြာနေတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စတင်တဲ့ လယ်ယာမြေမှတ်ပုံတင်ရေးဟာ အရင် စစ်အစိုးရလက်ထက်က အဓမ္မမြေသိမ်းဆည်းမှုတွေ၊ ကြက်ဆူပင်စီမံကိန်းလို စိုက်ခင်းတွေကြောင့် မှတ်ပုံတင်ရေးမှာ အငြင်းပွားဖွယ်ရာတွေ နေရာအနှံ့ဖြစ်နေပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ လယ်မြေသိမ်းဆည်းမှု စုံစမ်းဖော်ထုတ်ရေးကော်မတီက လိုက်လံဖြေရှင်းပေးနေရဆဲ ဖြစ်ပါတယ်။

လယ်ယာမြေဥပဒေထွက်ပြီးနောက် လယ်ယာမြေမှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ မှတ်ပုံတင်ရေး နှောင့်နှေးနေတယ် ကြားတယ်။ ဘယ်လိုဖြစ်လို့ပါလဲ။

[caption id="attachment_40348" align="alignright" width="300" caption="ဒေါက်တာ စိုးထွန်း"][/caption]

“စိုက်ပျိုးရေးဝန်ထမ်းတွေ အလုံအလောက်မရှိတဲ့အတွက် မှတ်ပုံတင်ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်နေတယ်။ သက်ဆိုင်ရာ လယ်ယာဆည်မြောင်းဝန်ကြီးဌာနကို တင်ပြထားပါတယ်။ အဓိကက ၀န်ထမ်းအင်အားတိုးချဲ့လုပ်ပေးဖို့ပေါ့။ ဒါ့အပြင် တခြားလိုအပ်ချက် ဥပမာ စာရွက်စာတမ်းဆို ဖောင်မရှိတာတို့။ အပေါ်ကတော့ ပြောတာပေါ့၊ ၀န်ကြီးက ၁ လအတွင်း မှတ်ပုံတင်လုပ်ပေးမယ်ပြောတယ်။ ၁ လကနေ ၁ နှစ်တောင်ဖြစ်သွားတာ။ ကျနော့်အထင် ၁ နှစ်အတွင်းတောင် မပြီးနိုင်ဘူး။”

ဝန်ထမ်းနည်းတာအပြင် အခု လယ်ယာမြေဥပဒေအရ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကန့်ကွက်သူရှိရင် ၄၅ ရက်ပြန်ဆိုင်းရတယ်ဆိုတာ။

“ဟုတ်ပါတယ်။ ဒါပေမယ့် ကန့်ကွက်တာအသာထားပြီး မကန့်ကွက်သူတွေတောင် မှတ်ပုံတင်ကျဖို့ မလွယ်ဘူး။ အရင်က မျှော်လင့်ထားတာက မှတ်ပုံတင်လုပ်လို့ရရင် ဘဏ်ကနေ ငွေချေးလို့ရမယ်လို့ ထင်ထားတာ။ အခုက မဖြစ်နိုင်သေးတော့ လက်ရှိက လယ်ယာမြေမှတ်ပုံတင်မပါလည်း ငွေချေးလို့ရအောင် လက်ရှိ တောင်သူလယ်သမားပံ့ပိုးကူညီတဲ့ ဥပဒေ ရေးဆွဲနေတယ်။ တကယ်ကျတော့ သူ့ဘာသာ ချေးလို့ရရင်တော့ မလိုသေးဘူးပေါ့၊ မှတ်ပုံတင်ပြီးရင် ဘဏ်မှာပေါင်လို့ရရင် ရှင်းနေပြီလေ။”

ဥပဒေထဲမှာ ဆန်စပါးဈေးနှုန်း သတ်မှတ်ရေးနဲ့ပတ်သက်လို့ ပံ့ပိုးတဲ့ ဥပဒေလား နာမည်ပြောင်းလိုက်တာလား။

“ပထမ တောင်သူလယ်သမားများ အကာအကွယ်ပေးရေး ဥပဒေလို့ ထားတာ။ နောက်ဆုံးအစည်းအဝေးမှာ ကာကွယ်တာအတွက် လယ်သမားအခွင့်အရေးတွေ အများကြီးလိုတယ်လေ။ လက်ရှိသွားတဲ့ ရည်ရွယ်ချက်မှာ ပံ့ပိုးတဲ့ပုံစံပဲရှိတော့ ငွေကြေးပံ့ပိုးမယ်၊ အာမခံဈေးနှုန်းရအောင် ဆောင်ရွက်မယ်ဆိုပြီး နာမည်ပြောင်းလိုက်တာ။ တောင်သူလယ်သမားများ အကျိုးစီးပွားပံ့ပိုးကူညီရေးဥပဒေပေါ့။ လာမယ့် ဇွန် လွှတ်တော်မှာ တင်မှာပါ။”

မြန်မာနိုင်ငံလယ်ယာကဏ္ဍမှာ အတိုးနည်းချေးငွေတွေ ထုတ်ပေးမယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချယ်ကလည်း ပြောတာ ကြားလိုက်တယ်။ အဲဒါဘယ်တော့လောက် ဖြစ်နိုင်မလဲ။ ဒီနှစ် ဘဏ္ဍာနှစ်လောက်ဖြစ်နိုင်လား။

“ဟိုက ဒီက ချေးမယ်တော့ ကြားနေရတယ်။ တရုတ်ကနေ သန်း ၁၀၀ ချေးငွေရတယ်လို့တော့ တခုပဲကြားတယ်။ လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေးမှာ ပြောလို့ပါ။ အဲဒါကို သမ၀ါယမ၀န်ကြီးဌာနက ယူလိုက်တယ်။ သူတို့ကနေမှ ရွာတွေမှာ တရွာကို သိန်း ၅၀၀ ချေးမယ်ဆိုပြီး ဦးကျော်ဆန်း လုပ်နေတယ်။ နိုင်ငံတော်သမ္မတ မန္တလေးတက်သွားတာတွေ တွေ့တယ်။ တကယ်သွားချေးတာကတော့ သန်း ၁ ထောင်ချေးတာကို တရုတ်က သန်း ၁၀၀ ချေးပေးလိုက်တယ်။ အခု သမ၀ါယမ၀န်ကြီးဌာနက ချေးနေတာ တွေ့တယ်။ လယ်ယာမြေပုံစံတော့ မဟုတ်ဘဲ သမ၀ါယမ အသင်းအဖွဲ့အနေနဲ့ ချေးနေတာတော့ တွေ့တယ်။ နောက်နေပြည်တော်မှာ ချေးငွေ ၃၂ သန်းရထားတယ် ဆိုတာတော့ သိရတယ်။ အမေရိကန်တို့က ရမယ်ဆိုတာတော့ ကြားတယ်၊ လက်ဆုပ်လက်ကိုင်တော့ မရသေးဘူး။ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုကလည်း စာရွက်ပေါ်မှာပဲ ရှိသေးတယ်။ အရက်၊ ဘီယာကဏ္ဍကိုပဲ ၀င်လာတာ ရှိတယ်။ လယ်ယာကဏ္ဍ၀င်တာတော့ မမြင်သေးဘူး။”

ဗီယက်နမ်၊ ဂျပန်နဲ့ ကိုးရီးယားတို့လည်း လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုဝင်ဖို့ စိတ်ဝင်စားတယ်ဆို။

“အဲဒါလည်း သမ္မတ ဗီယက်နမ်သွားတုန်းကလေ ဒေါ်လာ သန်း ၂၀၀ လက်မှတ်ထိုးတာ။ အဲဒါလည်း (MOU) နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာပဲရှိတာ။ သူတို့က လယ်ယာကဏ္ဍလုပ်ချင်တာမဟုတ်ဘူး။ ရန်ကုန်နားမှာ ဆိပ်ကမ်းမှာ စက်မှုဇုန်တည်ချင်တာ။ လယ်ယာကဏ္ဍ၊ လယ်သမားကိုပေးမှာတော့ အခုထိ ဘယ်သူမှမရှိသေးဘူး။”

ဗီယက်နမ် သုတေသနပညာရှင်တွေက ဟိုတလောကပြောတယ်၊ မြန်မာကို ကြောက်စရာမရှိဘူး။ သူတို့ရဲ့ ဆန်အထွက်နှုန်းက ပြည်ပကို ထပ်တိုးမှာမဟုတ်ဘူးဆိုတော့ အဲပညာရှင်ပြောတာနဲ့ မြန်မာပြည်လက်ရှိအခြေအနေ ကိုက်လား။ မြန်မာပြည်က ဆန်ကို အလုံးအရင်းနဲ့ ဒီထက်ပိုပြီး ဗီယက်နမ်ဈေးကွက်ကိုတောင် ခါလောက်အောင် မဖြစ်နိုင်သေးဘူးလား။

“အခု ဥပဒေဆွဲလည်းပဲ တကယ် ဥပဒေကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အခု ကျနော်တို့တွေ့နေတာ ဥပဒေတွေအများကြီးဆွဲတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တယ်၊ ကြေညာချက်တွေထုတ်တယ်။ သို့သော် လက်ရှိ လက်ဆုပ်လုပ်ကိုင် အကောင်အထည်ဖော်တာ အားနည်းတယ်။ အဲလို မလုပ်နိုင်သေးရင် သူတို့ပြောတာ မှန်ရင်မှန်မယ်။ အခု သွားမယ့် တောင်သူလယ်သမားအကျိုးစီးပွားပံ့ပိုးတဲ့ ဥပဒေ တရပ်ဆွဲ၊ ဆွဲပြီးရင် အကောင်အထည်ဖော်မှု ခက်မယ်လို့ ထင်တယ်။ ဘာလို့ဆို အဲလောက်ပိုက်ဆံ ကျနော်တို့ဆီမှာ ရှိပါ့မလားပေါ့။ အစိုးရဘတ်ဂျက်ထက်တောင် ပိုကြီးတယ်လေ။ အခုတောင် စက်ကိုမသုံးနိုင်ဘူး။ နိုင်ငံတကာအကူအညီမရဘူးဆိုရင် ဒီဥပဒေ အကောင်အထည်ဖော်ဖို့ အခက်အခဲရှိတယ်။”

လယ်ယာမြေမှတ်ပုံတင်ကိစ္စက ဘယ်နှစ်မှာ အပြီးအပြတ်ဖြစ်နိုင်လဲ။ စစ်တပ်ကလယ်သိမ်းတာ၊ ခရိုနီတွေက သိမ်းတာ၊ လယ်သမားတွေကလည်း ကိုယ့်လယ် ကိုယ်ဝင်ထွန်တာတွေ ပြဿနာတွေ များတယ်။

“ဘယ်တော့မှ မပြီးနိုင်ဘူး။”

ဒါဆို လယ်ယာကို လယ်သမားတွေက ဥပဒေသာရှိတယ်။ ပေါင်နှံရောင်းချလို့မရဘူးပေါ့။

“ဆောင်ရွက်သွားဖို့တော့ ရှိပါတယ်။ ထင်သလောက်တော့ မလွယ်ဘူးပေါ့နော်။ ဒါပေမယ့် ဒီဥပဒေအတိုင်းသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဘာဥပဒေမှတောင် ထပ်မလိုတော့ဘူး။ မလုပ်နိုင်လို့ လယ်သမားပံ့ပိုးကူညီရေးဥပဒေဆိုတာ ထပ်ပေါ်ပြီး လက်ရှိချေးငွေကိုပဲ ၁ ဧက ၁ သိန်းနဲ့ ၁၀ ဧကအထက်ကို ၁ သိန်း၊ ၂ သိန်းလောက်နဲ့ ရှိတဲ့ လယ်ဧက အပြည့်ချေးနိုင်အောင်ဆိုပြီး တောင်သူလယ်သမားပံ့ပိုးကူညီရေးဥပဒေ ဆိုပြီး ထပ်ဆွဲတာ။ ဒါက တကယ်လို့ သူ့မှာ ပိုက်ဆံရှိရင်တော့ ချက်ချင်းပေါ့။ လယ်ယာမှတ်ပုံတင်နဲ့ မဆိုင်ဘူး။ စိုက်ပျိုးရေးက ချေးသလိုပဲ လယ်သမားတွေကို ဆက်ချေးမယ်။ နှစ်ရှည်၊ အတိုးနှုန်းသက်သာအောင် ချေးမယ်။ ထွက်လာတဲ့ သီးနှံကိုလည်း အာမခံဈေးရအောင် လုပ်ပေးမယ်။ အခုအလျင်အမြန် ဆောင်ရွက်ပေးနိုင်အောင် ဇွန်လမှာတင်ပြီး အောက်တိုဘာလောက် အတည်ပြုနိုင်အောင် ၀ိုင်း တိုက်တွန်းနေပါတယ်။”

မိုးစပါးအတွက်ကိုရော အခု မုတ်သုန်လေလည်း ၀င်ပြီဆိုတော့ အဆင်သင့်ဖြစ်ပြီလား။

“မိုးစပါးကလည်း ပြဿနာ ဖြစ်နေပြန်ပြီ။ ဒေါ်လာဈေးတွေ တက်တော့ အခု လယ်သမားတွေက ထအော်နေပြီ။ ဘာလို့လဲဆိုတော့ ထွန်စက်တွေဝယ်မယ်၊ ဒီဇယ်ဝယ်မယ်၊ ဓာတ်မြေဩဇာဝယ်မယ်။ အရင်တုန်းက မြေဩဇာနဲ့ ထွန်စက်ပဲ ဈေးကြီးရာကနေ အခု ဒီဇယ်ပါ ၁၀ ရာခိုင်နှုန်းလောက် ဈေးတက်သွားတယ်။ ဒါလည်း ကျနော်တို့ ပြန်စဉ်းစားရမှာပေါ့။ ကျနော်တို့ အစကတည်းက ထောက်ပြပါတယ်။ ငွေဈေးတက်တယ်ဆိုတာ တောင်သူကို တိုက်ရိုက်အကျိုးပြုတာမဟုတ်ဘူး၊ ပို့ကုန်၊ သွင်းကုန်သမားတွေပဲ အကျိုးရှိတာ။ ငွေဈေးတက်တာနဲ့ တောင်သူရော၊ ပြည်သူရော တဖက်က ခံရတယ်။ ဒါတွေကိုလည်း ထိန်းညှိဖို့လိုတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013