DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ခန့် ၀င်ရောက်ဖွယ်ရှိ
DVB
·
June 6, 2013
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ခန့် ၀င်ရောက်ဖွယ်ရှိ
Donate to DVB

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ (သန်း ၃၀၀၀) လောက် ၀င်ရောက်တဲ့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆလောက် ၀င်ရောက်ဖွယ်ရှိတယ်လို့ အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ပြီးခဲ့တဲ့ ဧပြီနဲ့မေ ၂ လတာကာလအတွင်းမှာ အမေရိကန်ဒေါ်လာသန်း ၃၈၀ နီးပါးလောက် ၀င်ရောက်မှုရှိခဲ့တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒါကြောင့် ဒီနှုန်းအတိုင်း လစဉ်ကန်ဒေါ်လာ သန်း ၁၈၀ နဲ့ ၁၉၀ ကြား ပုံမှန်ဝင်ရောက်မယ်ဆိုရင် အခုဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ကန်ဒေါ်လာ ၂ဘီလီယံကျော်ကနေ အများဆုံး အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်အထိ ၀င်ရောက်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့တွက်ချက်မှုပေါ့။ အရင်နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ ၀င်ရောက်မှုအနေအထားတွေ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာ လက်ရှိဝင်ရောက်မှုရှိတဲ့ အနေအထားတွေအပေါ် ချိန်ဆလိုက်ရင် မနှစ်က ကျနော်တို့ဆီမှာ ကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ၀င်တယ်။ ဒီနှစ်မှာ ၂ လပဲ ရှိသေးတယ်၊ ကန်ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိသွားပြီဖြစ်လို့ ဒီနှုန်းအတိုင်း ပုံမှန်လေးဝင်လို့ရှိရင်  ၂ ဘီလီယံ ကျော်သွားမယ်ပေါ့နော်။ သို့သော်လည်း ကျနော်တို့ရဲ့ အလားအလာအပေါ် မူတည်ပြီး တွက်ချက်လို့ရှိရင် မနှစ်ကထက် ၂ ဆလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ခြုံပြောရရင် အနည်းဆုံးက ၂ ဘီလီယံ ကျော်ရှိပြီးတော့ အများဆုံးက ၃ ဘီလီယံခန့် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်”

နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေတဆင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနိုင်ဖို့ရှိတာကြောင့်လည်း တိုင်းပြည်အတွက် အခြေအနေ အများကြီးကောင်းမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“ဒီဖိုရမ်က ကျနော်တို့ တိုင်းပြည်အတွက် အများကြီးကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အပြောအရ လူ ၉၀၀ ကျော်လောက် လာတက်တာ။ ပြီးတော့ အာရှမှာလုပ်ခဲ့တဲ့ ဖိုရမ်တွေထဲမှာလည်း မြန်မာကို လာတက်တဲ့လူဦးရေက အများဆုံးလို့ ဒီဖိုရမ် ကျင်းပရေးအဖွဲ့အစည်းက ပြောတာပါ။ ပြီးတော့ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုများတယ်လို့ မြင်တယ်။ လာတဲ့သူတွေကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘောမြင်တဲ့သူတွေ လည်း များပါတယ်။ business လုပ်ဖို့စိတ်ဝင်စားတဲ့ မြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအပေါ်မှာ သူတို့ အခွင့်အလန်းတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်တဲ့သူတွေ များတယ်။ ပြီးတော့ ဖိုရမ်ကို လာတက်တဲ့ သူတွေကို မြန်မာနိုင်ငံအကြောင်း ပိုပြီးတော့ သိအောင်ဖန်တီးပေးတာလည်း ဖြစ်လို့ မြန်မာပြည်မှာ ဘယ်လို အခွင့်လမ်းတွေ ရှိ နေတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို သူတို့ထင်ထင်ရှားရှားသိသွားမှာ ဖြစ်လို့ ခြုံပြောရရင် ဒီဖိုရမ်က တိုင်းပြည်အတွက် အများကြီးအကျိုးရှိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ လာရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံတွေအထဲ ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့က အများဆုံးဖြစ်ပြီးတော့ သူတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အပေါ်မှာ စိတ်ဝင်စားမှုရှိကြတယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

“အက်ဖ်ဒီအိုင် နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ကျနော်တို့ဆီ လာဆွေးနွေးတာ အကြိမ်ပေါင်း ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံကမျိုးစုံပါပဲ။ အရှေ့၊ အနောက်နိုင်ငံတွေပါ ပါတယ်။ အများဆုံးကတော့ ဂျပန်နှင့်ကိုရီးယားနိုင်ငံတွေ ပါပဲ။ သူတို့အနေနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေဖြစ်တဲ့ စားသောက်ကုန်၊ အထည်ချုပ်လို လုပ်ငန်းတွေအပြင် အခြေခံအဆောက်အအုံဖြစ်တဲ့ port လိုဟာမျိုးတွေလည်း စိတ်ဝင်စားမှုရှိပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၄၂,၆၈၉ သန်းကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂,၅၇၄သန်း ရှိတဲ့အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013