DVB Logo
Home
နိုင်ငံတကာ
ချီလီတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးကာ အရေးပေါ်ကပ်ဘေးအခြေအနေ ကြေညာ
DVB
·
July 21, 2026
Photo: REUTERS/Rodrigo Garrido
Photo: REUTERS/Rodrigo Garrido
Donate to DVB

ချီလီနိုင်ငံ မြောက်ဘက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တာကြောင့် ဇူလိုင် ၂၀ ရက်မှာ ချီလီအစိုးရဟာ ကိုကင်းမ်ဘိုဒေသနဲ့ ဟွာစ်ကိုပြည်နယ်တို့ကို အရေးပေါ် ကပ်ဘေးအခြေအနေ ကြေညာလိုက်ပါတယ်။ 

မိုးတိမ်တိုက်တွေဟာ ချီလီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုထဲက ၁၀ ခုအထိ သက်ရောက်မှုရှိခဲ့တာပါ။ ကိုကင်းမ်ဘို ဒေသ ဆယ်ရိုး တိုလိုးလိုမှာ မိုးရေချိန် ၂၀၀ မီလီမီတာကျော်အထိ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ 

တနင်္ဂနွေနေ့ ညပိုင်းတုန်းက ကိုကင်းမ်ဘို ဒေသမှာ ၁ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာနီးပါး ရွာခဲ့ပြီး ဒါဟာ ပုံမှန်အားဖြင့် တလလုံးမှ ရွာတဲ့ မိုးရေချိန်အတိုင်းအတာ ဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန (SENAPRED) က "ဆိုးဆိုးရွားရွား ပြင်းထန်တဲ့ မိုးရွာသွန်းမှု" လို့ ပြောဆိုထားပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ အိမ်တွေနဲ့ လမ်းတွေ ရေနစ်မြုပ်နေပြီး မီးသတ်၊ ရဲနဲ့ တပ်မတော်သားတွေ ကို ကူညီကယ်ဆယ်ရေးအတွက် ဖြန့်ကြက်ထားပါတယ်။ စစ်သည်တော်တွေက ကုန်ကားတွေနဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးနေသလို ရဟတ်ယာဉ်တွေနဲ့ပါ အရေးပေါ် ကယ်ဆယ်ရေးနဲ့ သေဆုံးသူတွေကို သယ်ဆောင်တာတွေ ဆောင်ရွက်နေပါတယ်။

ဒီ ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို ၁၇ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

အာတာကာမာနဲ့ လာရောက်ကာနီးယားဒေသတွေကြားမှာ ဘေးဒုက္ခ ကြုံတွေ့နေရသူ စုစုပေါင်း ၂,၂၀၅ ယောက် ရှိနေပြီး ၁,၁၇၉ ယောက်ကို ကယ်ဆယ်ရေးစခန်းတွေမှာ နေရာချပေးထားပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာကြောင့် စုစုပေါင်း လူပေါင်း ၉၉,၃၁၆ ယောက် ပိတ်မိနေကြပါတယ်။

အဆောက်အအုံတွေ၊ လမ်းတံတားတွေ ပျက်စီးခဲ့ရသလို သောက်သုံးရေ ပြတ်လပ်တာ၊ လျှပ်စစ်မီး ပြတ်တောက်တာနဲ့ လမ်းတွေ ပိတ်သွားတာတွေကြောင့် အစိုးရက အထူးစီမံဆောင်ရွက်နိုင်မဲ့ အရေးပေါ် ကပ်ဘေးအခြေအနေ ကြေညာခဲ့ရတာပါ။ 

စန်တီယာဂိုမြို့မှာ သမ္မတ ဟိုဆေး အန်တိုနီယိုကာ့စ်ထ်က အရေးပေါ်အခြေအနေကို သုံးသပ်ပြီးနောက် ကိုကင်းမ်ဘိုနဲ့ ဟွာစ်ကိုဒေသတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ် ကပ်ဘေးအခြေအနေ ကြေညာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ခရုဇ်ဒီကာနာဒေသမှာ မြေပြိုမှုဖြစ်ပြီးနောက် မိသားစုကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ (CESFAM)နဲ့ အတူ လူ ၂၄၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆွေမျိုးအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ပေးထားပါတယ်။

မက်ထရိုချီလီ မိုးလေဝသဌာန ရဲ့ အသိပေးချက်အရ ကိုကင်းမ်ဘို ဒေသမှာ အင်္ဂါနေ့အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သေးတာကြောင့် ဒေသတွင်းအစိုးရက ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013