DVB Logo
Home
မြန်မာသတင်း
မြန်မာအများစု လုပ်ကိုင်နေသည့် ဆူရှီကုမ္ပဏီကြီးအချို့ကို ခေါင်းပုံဖြတ်မှုဖြင့် တရားစွဲ
DVB
·
June 22, 2026
Photo: County News Release
Photo: County News Release
Donate to DVB

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုစီရင်စု အာဏာပိုင်တွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ဆူရှီကုမ္ပဏီတချို့ကို တရားစွဲဆိုလိုက်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာပါတယ်။ 

ကုန်စုံဆိုင်ကြီးတွေထဲက ဆူရှီကောင်တာတွေမှာ အလုပ်လုပ်နေကြတဲ့ ဆူရှီလုပ်သားတွေရဲ့ လုပ်ခလစာ၊ အချိန်ပိုကြေးနဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေကို မပေးဘဲ Franchise စနစ်ကို အသုံးချပြီး ဆူရှီကုမ္ပဏီအချို့က လှည့်စားခဲ့ကြတယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြပါတယ်။

ဒီတရားစွဲဆိုမှုမတိုင်ခင် အလုပ်သမားစံချိန်စံညွှန်းရုံး (OLSE) က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ 

ပြည်နယ်အနှံ့ ကုန်စုံဆိုင်တွေထဲက ဆူရှီအလုပ်သမားတွေကို ဘယ်လိုအမျိုးအစား သတ်မှတ်ထားလဲ၊ လစာ ဘယ်လိုပေးပြီး ဘယ်လို စီမံခန့်ခွဲနေကြလဲဆိုတာတွေနဲ့ ပြည်နယ်တခုလုံးက ကုန်စုံဆိုင်ကြီးတွေထဲမှာ ဘယ်လိုလုပ်ကိုင်စေသလဲ ဆိုတာတွေကို OLSE က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။​

ဒေသဆိုင်ရာ ဥပဒေအကြံပေးရုံး ကလည်း တရားမမှုနဲ့ တရားစွဲဆိုမှုတွေ လုပ်ဆောင်ပေးပြီး OLSE ရဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။ 

တနိုင်ငံလုံးအတိုင်းအတာနဲ့ အရောင်းရငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် (သန်း ၂,၅၀၀ ကျော်) ထိ ရှိနေတဲ့ ဆူရှီဈေးကွက်ထဲက အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စီရင်စု ကြီးကြပ်ရေးဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ ပလိုမာ အက်ဂွီရီနဲ့ OLSE ဒါရိုက်တာ ဘရန်ဒန် ဘတ်တလာတို့က စီရင်စု အုပ်ချုပ်ရေးရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တရားစွဲဆိုမှုကို ကြေညာခဲ့ပါတယ်။ 

OLSE ဒါရိုက်တာ ဘတ်တလာက “ဒီအမှုဟာ အားလုံးရဲ့ မျက်စိရှေ့တင် ပေါ်ပေါ်ထင်ထင် ခေါင်းပုံဖြတ်နေတာပါ။ ကုမ္ပဏီတွေဟာ အလုပ်သမားတွေရဲ့ ကျောပေါ်နင်းပြီး ဒီစီးပွားရေးပုံစံကို တည်ဆောက်ထားကြတာမို့ အလုပ်သမားတွေအနေနဲ့ ဒီထက်မက အခွင့်အရေး ရသင့်ပါတယ်” လို့ ပြောပါတယ်။

လိမ်လည်မှု တရားစွဲဆိုချက်အရ ကုမ္ပဏီတွေဟာ လတ်ဆတ်တဲ့ ဆူရှီနဲ့ အသင့်စား အစားအစာတွေ ရောင်းချဖို့ ကုန်စုံဆိုင်တွေနဲ့ တိုက်ရိုက်စာချုပ်ချုပ်ဆိုထားပေမဲ့ အဲဒီပစ္စည်းတွေကို တကယ်တမ်း ပြင်ဆင်၊ ခင်းကျင်း၊ ပို့ဆောင်ပေးနေရတဲ့ ဆူရှီစားဖိုမှူး (Sushi Chefs) တွေကိုတော့ လွတ်လပ်တဲ့ ကန်ထရိုက်တာ “Franchisees” တွေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ဆူရှီအလုပ်သမားတွေဟာ တကယ်တမ်းမှာ လွတ်လပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မဟုတ်ပါဘူး။ ဆိုင်နေရာ၊ ရောင်းချမယ့်မီနူး၊ ဈေးနှုန်းနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်တွေ၊ ကုန်ပစ္စည်းပြန်လည်ဖြည့်တင်းမှု၊ ပို့ဆောင်ပေးရမဲ့ အချိန်နဲ့ သတ်မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စစ်ဆေးရေးတွေနဲ့ မဖြစ်မနေ ဝယ်ယူရမဲ့ ပစ္စည်းတွေအားလုံးကို ကုမ္ပဏီတွေကပဲ လုံးဝ ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးမှာတော့ အလုပ်သမားတွေဟာ စီးပွားရေးလုပ်ငန်းရှင် အခွင့်အရေးလည်း မရ၊ ကယ်လီဖိုးနီးယားဥပဒေအရ အာမခံထားတဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေလည်း ဆုံးရှုံးရတဲ့အပြင် ကုမ္ပဏီတွေဘက်က ကျခံရမဲ့ စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်တွေကိုပါ ဆူရှီစာဖိုမှူးတွေကပဲ ကျခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

တရားစွဲဆိုခံထားရတဲ့ ကုမ္ပဏီတွေကတော့ Ace Sushi Franchise Corp., Asiana Management Group, Inc., (AFC), Advanced Fresh Concepts Franchise Corp., Advanced Fresh Concepts Corp., Fuji San Franchising Corp. နဲ့ Fuji Food Products, Inc. တို့ ဖြစ်ပါတယ်။

စီရင်စု ကြီးကြပ်ရေးဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ အက်ဂွီရီက “ဒီနေ့ ကျမတို့ ကြေညာလိုက်တဲ့ တရားစွဲဆိုမှုဟာ လုပ်သားတွေကို သူတို့ကိုယ်သူတို့ လုပ်ငန်းရှင်ဖြစ်လာပြီလို့ အယုံသွင်းပြီး အမြတ်ထုတ်ခဲ့တဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ လိမ်လည်မှုပုံစံတခုပါ။ တကယ်တမ်းကျတော့ ကယ်လီဖိုးနီးယားဥပဒေက အာမခံထားတဲ့ ဝန်ထမ်းအခွင့်အရေးနဲ့ အကာအကွယ်တွေကို ဆူရှီစာဖိုမှူးတွေဘက်က ငြင်းပယ်ခံနေရတာပါ” လို့ ပြောပါတယ်။

ဆူရှီလုပ်သားအများစုဟာ ကုန်စုံဆိုင်တဆိုင်တည်းမှာတင် တပတ်မှာ ၇ ရက်လုံးလုံးနဲ့ တပတ်ကို နာရီပေါင်း ၅၀ ကျော်အထိ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ခဲ့ရတယ်လို့ OLSE ရဲ့ စုံစမ်းစစ်ဆေးမှုအရ တွေ့ရပါတယ်။ 

ဆိုင်တဆိုင်ထက်ပိုပြီး တာဝန်ကျတဲ့ အလုပ်သမားတွေဆိုရင် တပတ်ကို နာရီပေါင်း ၇၀ ကျော်အထိ အလုပ်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို နာရီပေါင်းများစွာ လုပ်ကိုင်ခဲ့ရပေမဲ့ အလုပ်သမားတွေဟာ အနည်းဆုံး အခွင့်အရေးဖြစ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ၊ အချိန်ပိုလုပ်အားခ၊ ခွင့်လစာနဲ့ ဖျားနာခွင့်၊ ထမင်းစားချိန်နဲ့ နားချိန်၊ အလုပ်သမား နစ်နာကြေး အကာအကွယ်တွေ၊ လစာရှင်းတမ်းတွေနဲ့ လုပ်ငန်းကုန်ကျစရိတ် ပြန်လည်ထုတ်ပေးမှုတွေကိုပါ အငြင်းပယ်ခံခဲ့ကြရတယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

ဒါရိုက်တာ ဘတ်တလာက “အလုပ်သမားတချို့ဆိုရင် အခြေခံစားဝတ်နေရေးတောင် မလောက်ငနိုင်တဲ့အထိ ဝင်ငွေနည်းပါးခဲ့ကြပါတယ်။ သူတို့ နေမကောင်းဖြစ်ရင် လစာမရကြဘူး။ ဆိုင်ပိတ်လိုက်ရင်လည်း ဆုံးရှုံးမှုတွေကို သူတို့ပဲ ခံကြရတယ်။ အလုပ်က ထွက်ချင်ရင်လည်း ပြောင်းရွှေ့ကြေး ဒါမှမဟုတ် အလုပ်စာချုပ်ဖျက်သိမ်းကြေးတွေ ပေးရနိုင်ပါတယ်။ ဒါဟာ လွတ်လပ်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တယောက်ရဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီတွေကပဲ အကုန်လုံးကို ထိန်းချုပ်ထားပြီး အလုပ်သမားတွေကပဲ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အားလုံးကို ရင်ဆိုင်နေရတာပါ” လို့ ပြောပါတယ်။

တရားစွဲဆိုချက်မှာ ဆက်လက်ဖော်ပြထားတာကတော့ အလုပ်သမားတွေဟာ ပစ္စည်းကိရိယာ၊ စားသောက်ကုန် အစိတ်အပိုင်းတွေ၊ ထုပ်ပိုးပစ္စည်းတွေ၊ ယူနီဖောင်းတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ကုမ္ပဏီဆီက ဒါမှမဟုတ် ကုမ္ပဏီက သတ်မှတ်ထားတဲ့ဆီကပဲ ဝယ်ယူ ဒါမှမဟုတ် ငှားရမ်းရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အလုပ်သမားတွေရဲ့ ဝင်ငွေထဲကနေ အခကြေးငွေမျိုးစုံကို နုတ်ယူခံရပြီး ပစ္စည်းပျက်စီးတာ၊ ခိုးယူခံရတာတွေနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် အပါအဝင် အခြားလုပ်ငန်းစရိတ်တွေကိုပါ အလုပ်သမား (ဆူရှီစားဖိုမှူး) တွေကပဲ ကျခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စီရင်စုဘက်ကတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်စေဖို့ တရားရုံးကို တောင်းဆိုထားပြီး ပေးမထားတဲ့ လစာတွေ၊ နစ်နာကြေးတွေ၊ ပြန်လည်ပေးချေရမဲ့ ငွေကြေးတွေ၊ ပေးလျော်ရမဲ့ ဒဏ်ငွေတွေ၊ အချိန်မီမပေးခဲ့တဲ့ လစာအတွက် ပြစ်ဒဏ်ငွေတွေ၊ အတိုးနှုန်းတွေ၊ ရှေ့နေခနဲ့ အမှုစရိတ်တွေ အပါအဝင် ကယ်လီဖိုးနီးယား ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေအားလုံးကို အလုပ်သမားတွေ ခံစားခွင့်ရရှိစေဖို့ တောင်းဆိုထားပါတယ်။

အလုပ်သမားစံနှုန်းတွေကို တက်တက်ကြွကြွ အကောင်အထည်ဖော်မယ်၊ အားနည်းသူ အလုပ်သမားတွေကို ကာကွယ်ပေးမယ်၊ ဥပဒေလိုက်နာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့နဲ့ လုပ်ငန်းကဏ္ဍအသီးသီးမှာ အလုပ်သမားအကာအကွယ်တွေ အမှန်တကယ် အလုပ်ဖြစ်စေရမယ် ဆိုတဲ့ စီရင်စုရဲ့ သန္နိဋ္ဌာန်ကို ဒီအမှုက ဖော်ပြနေတယ်လို့ OLSE တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါရိုက်တာ ဘတ်တလာက “အလုပ်သမားအမျိုးအစား မှားယွင်းသတ်မှတ်တာက အလုပ်သမား၊ တာဝန်သိတဲ့ အလုပ်ရှင်နဲ့ ပြည်သူတွေကို ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။ 

အခြေခံအလုပ်သမား တာဝန်ဝတ္တရားတွေကို ရှောင်လွှဲဖို့ ဖန်တီးထားတဲ့ စီးပွားရေးပုံစံတွေကြားထဲမှာ အလုပ်သမားတွေ ချန်မထားခဲ့ရအောင် စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ OLSE ဌာန ဖြစ်တည်နေတယ်ဆိုတာကို ဒီအရေးယူမှုက ဖော်ပြနေတာ ဖြစ်ပါတယ်။

Source: County News Center 
 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013