ထိုင်းလေကြောင်းပြပွဲတွင် မြန်မာ SU-30 တိုက်လေယာဉ် ပြသမည်

လာမဲ့ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမဲ့ တော်ဝင်ထိုင်းလေတပ်ရဲ့ နှစ် ၉၀ ပြည့် အထိမ်းအမှတ် လေကြောင်းပြပွဲမှာ မြန်မာစစ်အာဏာရှင်လေတပ်က SU-30 တိုက်လေယာဉ် ပါဝင်ပြသသွားမယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် F-22 တိုက်လေယာဉ်လည်း တကိုယ်တော် ပျံသန်းပြသသွားမှာဖြစ်ပြီး ဒီပြပွဲဟာ အမေရိကန် F-22 သရုပ်ပြအဖွဲ့ရဲ့ အရှေ့တောင်အာရှမှာ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေပြသမှု ဖြစ်လာလိမ့်မယ်လို့ တော်ဝင်ထိုင်းလေတပ်က နိုဝင်ဘာ ၂၅ ရက်နေ့ ပြပွဲအစီအစဉ်တွေကို ထုတ်ပြန်ကြေညာရင်း ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်အာဏာရှင် လေတပ်က Su-30 တိုက်လေယာဉ်တစင်းကိုလည်း ဒီပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသသွားမှာလို့ ဆိုပါတယ်။
မြန်မာလေတပ်ဟာ SU-30 တိုက်လေယာဉ်တွေကို ရုရှားနိုင်ငံက ဝယ်ယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလက မိတ္ထီလာတပ်နယ် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ တပ်တော်ဝင်ပွဲမှာ SU-30 လေယာဉ် ၅ စင်းကို ထုတ်ပြခဲ့ပါတယ်။
အိန္ဒိယ လေကြောင်းအလှပြအဖွဲ့ကတော့ အုပ်စုဖွဲ့ ပျံသန်းပြသမှာဖြစ်သလို ထိုင်းလေတပ်ကလည်း သူတို့ရဲ့ F-16 နဲ့ Gripen တိုက်လေယာဉ်တွေနဲ့ ပျံသန်းပြသမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အကြီးမားဆုံးလို့ ဆိုရမဲ့ ဝေဟင်တိုက်ခိုက်မှု သရုပ်ပြပွဲကိုလည်း ကျင်းပဖို့ ထိုင်းနိုင်ငံက စီစဉ်ထားပါတယ်။
F-22 လေယာဉ် စေလွှတ်ပေးဖို့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားချက်ကို အမေရိကန်ဘက်က ချက်ချင်းလက်ခံခဲ့တယ်လို့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်ထာက အမျိုးသားလေတပ်နဲ့ လေကြောင်းပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူက ဒီလေယာဉ်ကို ရေဒါဖမ်းယူဖို့ ခက်ခဲတဲ့ ကိုယ်ပျောက်နည်းပညာ ပါဝင်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်အဖြစ် ညွှန်းဆိုပြောပါတယ်။
ဒီနှစ်ပတ်လည်ပွဲဟာ လေတပ်ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ စစ်လက်နက်ပစ္စည်းတွေရဲ့ အသင့်ဖြစ်မှုနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထုတ်ဖော်ပြသသွားမှာဖြစ်တယ်လို့ ဆက်ဆန်က ပြောပါတယ်။
ထိုင်းစစ်ဘက်လေကြောင်းသမိုင်းအစဟာ ရာမ ၆ ဘုရင်လက်ထက်ကနေ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဘုရင်မင်းမြတ်ဟာ လေကြောင်းပညာသင်ယူဖို့ လူ ၃ ယောက်ကို နိုင်ငံခြားစေလွှတ်ရာမှာ ပံ့ပိုးပေးခဲ့တယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။
ထိုင်းစစ်ဘက်လေကြောင်း အစီအစဉ်ကို လေယာဉ် ၈ စင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၁၉၃၇ ခုနှစ် ဧပြီ ၉ ရက်မှာ လေတပ်အဖြစ် သီးခြားတပ်ဖွဲ့ မဖြစ်လာခင်ကတည်းက ကိုယ်ပိုင်အသုံးပြုဖို့အတွက် လေယာဉ်တွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲ တည်ဆောက်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
နည်းပညာပြောင်းလဲမှုတွေနဲ့အညီ အမီလိုက်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်းမှာပဲ စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် လေတပ်အနေနဲ့ လေ့ကျင့်ရေးနဲ့ သုတေသန လုပ်ငန်းတွေအပေါ် အဓိကထား အာရုံစိုက်နေတယ်လို့ ဆက်ဆန်က ပြောပါတယ်။
Source: Khaosod











