ကိုလံဘီယာ ငွေသယ်ယာဉ် ဓားပြတိုက်မှုမှ ဓားစာခံအားလုံးကို ကယ်တင်နိုင်ခဲ့

ကိုလံဘီယာနိုင်ငံမှာ သေနတ်သမား ၅ ယောက်က ငွေသယ်သံချပ်ကာယာဉ်တစီးကို ဓားပြတိုက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ရာကနေ စူပါမားကက်တခုမှာ လူ ၃၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခဲ့ပြီးနောက် ၁၅ နာရီကြာမှာတော့ ဓားစာခံအားလုံးကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့က နိုဝင်ဘာ ၂၅ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်က နာမည်ကျော် ခရီးသွားမြို့ဖြစ်တဲ့ ကာတာဟေးနားမြို့မှာ သေနတ်သမားတွေ ဟာ ကုန်တိုက်တခုရဲ့ ရောင်းရငွေတွေကို သယ်ဆောင်တဲ့ သံချပ်ကာယာဉ်ကို ဓားပြတိုက်ဖို့ ကြိုးပမ်း ခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို လုံခြုံရေးကင်မရာတွေကနေ တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့လည်း မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ပါတယ်။
ဓားပြတွေဟာ အက်စ်စီတို စူပါမားကက်ထဲ ဝင်ရောက်ခိုလှုံခဲ့ပြီး လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီး ခဲ့ပါတယ်။
ဓားပြတွေက အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ ညီမျှတဲ့ ကိုလံဘီယာပီဆို ၇ ဘီလီယံနဲ့ ဘေးကင်းစွာ ထွက်ပြေးခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။
ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက် အသက်ကြီးပိုင်း အမျိုးသမီး ၅ ယောက် အပါအဝင် ဓားစာခံ ၁၀ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီလာ အက်စ်ပရီယဲလား ကိုယ်တိုင် ကာတာဟေးနားမြို့ကို ရောက်ရှိလာပြီး ဓားစာခံကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ရဲ့ ပူးတွဲအထူးစစ်ဆင်ရေးမှာ ကျန်ရှိနေတဲ့ ဓားစာခံအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး ဓားပြတယောက် သေဆုံးကာ ကျန် ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သမ္မတက ပြောပါတယ်။
“သူတို့ကို လက်နက်ချပြီး ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြတဲ့အတွက် ပြတ်ပြတ်သားသား အရေးယူခဲ့ပါတယ်” လို့ သမ္မတက ပြောပါတယ်။
Source:Reuters











