DVB Logo
Home
အာရှဒေသ
ပါကစ္စတန်မှာ အနှိမ်ခံ ဟာဇာရာတိုင်းရင်းသားတွေနေတဲ့မြို့
DVB
·
June 6, 2013
ပါကစ္စတန်မှာ အနှိမ်ခံ ဟာဇာရာတိုင်းရင်းသားတွေနေတဲ့မြို့
1 / 2
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ ကွာရတ္တာမြို့ကတော့ အမှားအယွင်းမခံတဲ့မြို့လို့ ဆိုရမှာပါ၊  မြို့ရဲ့ လူဦးရေထဲမှာ ဟာဇာရာတိုင်းရင်းသားအုပ်စုက တ၀က်လောက် ရှိပါတယ်။ ဟာဇာရာတိုင်းရင်းသားဆိုတာက ဆွန်နီ မွတ်စလင်တွေ လွှမ်းမိုးထားတဲ့ ပါကစ္စတန်မှာ လူနည်းစု တိုင်းရင်းသားအုပ်စု ဖြစ်ပါတယ်။

ဇန်န၀ါရီလအတွင်းက ဟာဇာရာတိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့မှာ ၃ ရက်ကြာ ထိုင်သပိတ်မှောက်တာ ဖြစ်ခဲ့ပါတယ်။ လူပေါင်း ၁၀၀ ကျော် ဗုံးခွဲ တိုက်ခိုက်ခံရတာကို ကန့်ကွက်ကြတာပါ။

ဗုံးကွဲမှုမှာ သေဆုံးသွားသူတွေရဲ့ အလောင်းကို ဟာဇာရာတိုင်းရင်းသားတွေက မြေမြှုပ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အစိုးရက ဒေသခံတိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးမှပဲ အလောင်းတွေကို မြှုပ်မယ်လို့ တောင်းဆိုခဲ့ကြတာပါ။

အခုတော့ ကွာရတ္တာမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ အလမ်ဒါလမ်းမကြီးပေါ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး ဈေးဘက်ကို သွားတဲ့ လမ်းထောင့်တိုင်းမှာ အစောင့်တွေကို တွေ့နေရပါတယ်။

မာဇာမွတ်ဟာမတ် ဟာစန်ကတော့ နိုင်ငံတကာမီဒီယာတွေနဲ့ အလုပ်လုပ်နေတဲ့ နယ်ခံသတင်းထောက်ပါ။ ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင် မြင်ခဲ့ရပါတယ်။

အဲဒီတုန်းက ပြန့်ကျဲနေတဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ ကြည့်မကောင်းလောက်အောင် ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။

"အားလုံး သေကုန်ပြီလို့ တွက်တာပဲ၊ အင်မတန် စိတ်ထိခိုက်ဖို့ကောင်တဲ့ အဖြစ်အပျက်ပါ။ ဒဏ်ရာရတဲ့လူတွေနဲ့ သေဆုံးသွားတဲ့လူတွေကို သယ်ထုတ်ပေးဖို့ လူတယောက်မှ မရှိဘူး။ ကျနော်ကိုယ်တိုင်လည်း နေရာမှာပဲ သေမယ်လို့ စိတ်ဒုံးဒုံးချခဲ့တယ်။"

ဒါပေမယ့် မာဇာမွတ်ဟာမတ် ဟာစန်ကတော့ သတင်းထောက်ပီပီ သတင်းဌာနအတွက် ဓာတ်ပုံတွေကို တဖျတ်ဖျတ် ရိုက်ယူခဲ့တယ်။ ဆွန်နီမွတ်စလင်တွေ လွှမ်းမိုးထားတဲ့ တိုင်းပြည်မှာ ရှီအိုက်မွတ်စလင် ဟာဇာရာတိုင်းရင်းသားတွေရဲ့ဘ၀ကို ကမ္ဘာက သိသွားစေချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခုလောလောဆယ်မှာတော့ သူကိုယ်တိုင်လည်း လုံခြုံရေးအရ အိမ်ထဲမှာ နေနေရပါတယ်။

"ကျနော် ဈေးတောင် မသွားနိုင်ဘူး။ အိမ်ထဲကနေတောင် မထွက်နိုင်ဘူး။ တနေ့လုံး အိမ်ထဲမှာပဲ နေတယ်။ အခြေအနေက ဘယ်တော့ကျမှ ကျနော်တို့အတွက် ပုံမှန်ပြန်ဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။"

မနှစ်တုန်းက ရှီအိုက် ၄၀၀ ကျော် သေဆုံးသွားပါတယ်။ ပါကစ္စတန် ရှီအိုက် သမိုင်းမှာတော့ သွေးထွက်သံယို အဆိုးရွားဆုံး နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။

ရူခက်စနာ ဘီဘီရဲ့ ကလေးတွေလည်း ဇန်န၀ါရီလ ဗုံးကွဲမှုမှာ သေဆုံးခဲ့ပါတယ်။ အခုတော့ သူ့အိမ်မှာ သေဆုံးသွားတဲ့ သား ၃ ယောက်ရဲ့ဓာတ်ပုံကို ချိတ်ဆွဲထားပါတယ်။

"ကျောင်းမှာ ရှိနေတုန်း ဆိုင်ကယ်သံကြားတိုင်း သားကို သတိရလို့ ငိုနေရတယ်။ စိတ်ထဲမှာ သားက ကျမကို ဆိုင်ကယ်နဲ့ လာကြိုတယ်လို့ပဲ ထင်နေတယ်။ သား ၃ ယောက်လုံး ဗုံးကွဲမှုမှာ သေဆုံးသွားတော့ ရင်ကျိုးမတတ်ပါဘဲ။"

ပါကစ္စတန်မှာ ဟာဇာရာတိုင်းရင်းသား ၈ သိန်းလောက် ရှိပါတယ်။ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဟာဇာရာတိုင်းရင်းသား တ၀က်လောက်ကတော့ ကွာရတ္တာမြို့မှာ နေထိုင်ကြပါတယ်။

ဆွန်နီလက်နက်ကိုင်အုပ်စု (Lashkar-e-Jhangvi) ကတော့ ဗုံးခွဲမှုဟာ သူတို့ လက်ချက်လို့ ပြောပါတယ်။

မနှစ်က ကွာရတ္တာမြို့မှာ နေထိုင်ကြတဲ့ ဟာဇာရာတိုင်းရင်းသားကို မြို့ကနေ ထွက်သွားဖို့၊ မသွားရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ အဲဒီအဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။

သမိုင်းပညာရှင်တွေကတော့ ဟာဇာရာတိုင်းရင်းသားတွေကို အခုလို ပစ်မှတ်ထားခံနေရတာဟာ သူတို့ဟာ လူမျိုးအရ ကွဲပြားရုံမျှမက၊ အသွင်အပြင်အရပါ ခြားနားနေတာကြောင့်လို့ ဆိုပါတယ်။

အခုအထိ ဆွန်နီမွတ်စလင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကွာရတ္တာမြို့က ဟာဇာရာ တိုင်းရင်သား ၈၀၀ လောက် သေဆုံးပြီး ၁၅၀၀ ကျော် ဒဏ်ရာရသွားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဗုံးခွဲမှုနဲ့ သတ်ဖြတ်မှုတွေကြောင့် ဘယ်သူမှ အဖမ်းမခံရသေးပါဘူး။

ဒါကြောင့်လည်း ဟာဇာရာတိုင်းရင်းသားတွေရဲ့ အမြင်မှာ အစိုးရက တရားခံကို ဟုတ်တိပတ်တိ ဖော်ထုတ်လိုစိတ် မရှိဘူးလို့ ထင်နေကြပါတယ်။ အစိုးရအရာရှိတွေကလည်း ဗုံးခွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူတချို့ကို ဖမ်းဆီးထားပြီးလို့ ဆိုနေပါတယ်။

ဒတ်အဂါကတော့ ဘလူးချီစ္စတန် ရှီအိုက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အမြန် အရေးယူဆောင်ရွက်ဖို့ သူက တိုက်တွန်းပါတယ်။

"ပြည်သူတွေရဲ့လုံခြုံရေးဆိုတာ အစိုးရမှာပဲ တာဝန်ရှိတယ်။ ဒါကြောင့် ကျနော်တို့ဘက်က နောက်ထပ် ခြေလှမ်းတွေ မလှမ်းခင်မှာ အစိုးရဘက်က ကျနော်တို့ရဲ့လုံခြုံရေးကို တာဝန်ယူပေးစေချင်ပါတယ်။"

သား ၃ ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ရူခက်စနာ ဘီဘီကတော့ သူ့ချွေးမမှာ ကိုယ်ဝန် ၆ လနဲ့ မို့ ရှေ့မှာ အခြေအနေကောင်းဖို့ပဲ ဆုတောင်းနေရတယ်လို့ ပြောပါတယ်။

"ကလေးက ယောကျာ်းလေးဖြစ်ဖို့ သေချာသလောက်ပဲ။ သူ့နာမည်ကို ဖာမန်း အလီလို့ ပေးမယ်။ မြေးကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကြည့်ရူ့စောင့်ရှောက်နိုင်ဖို့ ဘုရားမှာ ဆုတောင်းတယ်။ သူတို့လေးတွေမှာ တခြား အားကိုးစရာလည်း မရှိပါဘူး။"
(Hazara Persecution in Pakistan by Khan & Mudassar Shah, Quetta, Pakistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013